CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၅

ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) နှင့် ၎င်း၏ဇနီးသည်တို့ကို ဖမ်းဆီးခဲ့ကာ နယူးယောက်တွင် ထိန်းသိမ်းထားခဲ့ပြီးနောက်  ဗင်နီဇွဲလားနိုင်ငံကို  အမေရိကန်အုပ်ချုပ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်က ဗင်နီဇွဲလားကို ဇန်နဝါရီ ၃ ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံ၏ များပြားသည့် ရေနံများကို ထိန်းချုပ်သွားမည်ဟုလည်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အမေရိကန်၏ လျှပ်တပြတ် စစ်ဆင်ရေးကြောင့် ဗင်နီဇွဲလား၏ ကာရာကတ်စ် (Caracas) မြို့တော်မှ နေရာအချို့တွင် လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ပြီး စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခံခဲ့ရသည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုနဲ့ ဇနီးကိုတွေ့ရစဉ်

အမေရိကန် အထူးတပ်ဖွဲ့များသည် မာဒူရိုနှင့် ၎င်း၏ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ် (Cilia Flores) တို့ကို ဖမ်းဆီးခဲ့ပြီး ရဟတ်ယာဉ်ဖြင့် ဗင်နီဇွဲလားကမ်းလွန်ရှိ အမေရိကန်ရေတပ်သင်္ဘောပေါ်သို့ ပို့ဆောင်ခဲ့သည်။

ထိုမှတဆင့် အမေရိကန်သို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
“ဘေးကင်းပြီး သင့်တင့်မျှတတဲ့ အသွင်ကူးပြောင်းမှုတစ်ခု မလုပ်ဆောင်နိုင်မချင်း ကျနော်တို့က ဒီနိုင်ငံ (ဗင်နီဇွဲ လား)ကို အုပ်ချုပ်သွားမှာပါ”ဟု ထရမ့်က ဖလော်ရီဒါ (Florida) ပြည်နယ်ရှိ ၎င်း၏ Mar-a-Lago စံအိမ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် လများကတည်းက ထရမ့်အစိုးရအဖွဲ့သည် မာဒူရိုကို အမေရိကန်သို့ မူးယစ်ဆေးဝါးများ မှောင်ခိုကူး မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကာရစ်ဘီယံပင်လယ်တွင် အမေရိကန်စစ်သင်္ဘောများကို စေလွှတ်ခဲ့ကာ မူးယစ်ဆေးဝါးများ တင် ဆောင်လာသည်ဟု သံသယရှိသည့် သင်္ဘောများအား တိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားအစိုးရအပေါ် ဖိအားပေးခဲ့သည်။

ဗင်နီဇွဲလားသမ္မတ ဖမ်းခံရလို့ ပျော်နေကြသူများကိုတွေ့ရစဉ်

မာဒူရိုကမူ ၎င်းသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများနှင့် ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့ပြီး ထရမ့်သည် ဗင်နီဇွဲလား၏ ရေနံများကို လိုချင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ အနောက်မဟာမိတ်နိုင်ငံများကလည်း မာဒူရိုသည် ၂၀၂၄ ခုနှစ်က ပြုလုပ်ခဲ့သည့် ဗင်နီဇွဲလား ရွေးကောက်ပွဲတွင် မဲခိုးခဲ့ကြောင်း စွပ်စွဲခဲ့သည်။

အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်၏ မဟာမိတ်နိုင်ငံအချို့ကမူ အမေရိကန်အား နိုင်ငံတကာဥပဒေကို လေးစားရန်နှင့် ပဋိပက္ခကို သံတမန်နည်းဖြင့် ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

လက်ရှိတွင် ဗင်နီဇွဲလားသမ္မတ မာဒူရိုကို နယူးယောက်စီးတီးမြို့ ဘရွတ်ကလင်း (Brooklyn)  စီရင်စုနယ်မြေရှိ Metropolitan Detention Center ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားပြီး ၎င်းအား ရုံးထုတ်စွဲချက်တင်မည့် နေ့ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

Source: ရိုက်တာ