CNI International News
တီဟီရန်၊ ဇန်နဝါရီ ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်ဆန္ဒပြသူများကို ကူညီပေးမည်ဟု ခြိမ်းခြောက် ပြောဆိုနေ၍ ဆန္ဒပြမှုများကို အလျှော့ပေးမည် မဟုတ်ကြောင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်တွင် ငွေကြေးဖောင်းပွမှု အဆမတန် မြင့်မားလာရာမှ စတင် ဖြစ်ပွားလာခဲ့သည့် ဆန္ဒပြမှုများနှင့် ဆူပူအုံကြွ မှုများအတွင်း ဖမ်းဆီးခံရသူ အရေအတွက် သိသိသာသာ မြင့်တက်လာကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြော ကြားခဲ့သည်။
ဒီဇင်ဘာ ၃ ရက်က ထုတ်လွှင့်ခဲ့သည့် ရုပ်သံမိန့်ခွန်းတွင် ခါမေနီက အစ္စလာမ္မစ်သမ္မတနိုင်ငံသည် ရန်သူကို အလျှော့ပေးမည် မဟုတ်ကြောင်းနှင့် ဆူပူသောင်းကျန်းသူများကို ၎င်းတို့ရှိသင့်သည့် နေရာတွင်ရှိအောင် နှိမ်နင်း ရမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်ပိုင်မီဒီယာများကမူ လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၃ ရက်က ဖော်ပြခဲ့သော်လည်း လူ့အခွင့်အရေး အဖွဲ့များကမူ အီရန်နိုင်ငံတစ်ဝန်း ဒီဇင်ဘာ ၂၈ ရက်မှ စတင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း သေဆုံးသူ ၁၀ ဦး ထက်မနည်း ရှိနေပြီဟု ထုတ်ပြန်ခဲ့သည်။

အမေရိကန်အလံကိုင်ထားတဲ့ အီရန် ဆန္ဒပြသူတစ်ဦးကိုတွေ့ရစဉ်
အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် အီရန်၏စီးပွားရေး ထိခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံသုံး ရီယယ် (Rial) ငွေကြေးတန်ဖိုး အကြီးအကျယ် ထိုးကျသွားရာမှစပြီး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံ အနောက်ဘက်ပြည်နယ်များရှိ မြို့ငယ်များတွင် ဆူပူအုံကြွမှုများ ပြင်းထန်နေပြီး ထိုနေရာများ၌ လူ အတော်များများ သေဆုံးခဲ့ကြောင်း မီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည်။
အာဏာပိုင်များကမူ ဆူပူအုံကြွမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ဆယ်ဂဏန်းထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားထားသည်။
ဇန်နဝါရီ ၂ ရက် ညပိုင်းအထိ ရရှိသည့် သတင်းများအရ ဖမ်းဆီးခံရသူ ၁၃၃ ဦးရှိကြောင်း ကာ့ဒ် လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်သည့် Hengaw အဖွဲ့က အတည်ပြုနိုင်ခဲ့သည်။
ထိုအရေအတွက်မှာ ယခင်နေ့ကထက် ၇၇ ဦး ပိုမို များပြားလာခြင်း ဖြစ်သည်ဟု ၎င်းအဖွဲ့က ဆိုသည်။
ဇန်နဝါရီ ၂ ရက်တွင် ထရမ့်က အီရန်တွင် ဆန္ဒပြသူများ သတ်ဖြတ်ခံရလျှင် အမေရိကန်က လာရောက် ကယ်တင် မည်ဖြစ်ကြောင်း၊ အမေရိကန်သည် လက်နက် အသင့်ပြင်ထားပြီး အီရန်သို့ သွားရန် အသင့်ရှိနေကြောင်း လူမှု မီဒီယာတွင် ရေးသားခဲ့သည်။
Source: ရိုက်တာ
