CNI International News
ပြုံယမ်း၊ ဇန်နဝါရီ ၅
မြောက်ကိုရီးယားနိုင်ငံသည် ဇန်နဝါရီ ၄ ရက်က ပြုံးယမ်းမြို့တော်မှ အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်အတွင်းသို့ ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်ဟု DW သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ယခု ဒုံးကျည်ပစ်လွှတ်မှုသည် မြောက်ကိုရီးယားအတွက် ၂ လအတွင်း ပထမဆုံးအကြိမ်ဖြစ်သလို ၂၀၂၆ ခုနှစ် နှစ်သစ်၏ ပထမဆုံးအကြိမ် ဒုံးကျည်ပစ်လွှတ်မှုလည်း ဖြစ်သည်။
ထို့ပြင် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) သည် ဇန်နဝါရီ ၄ ရက်က တရုတ်နိုင်ငံသို့ မသွားရောက်မီ နာရီပိုင်းအလိုတွင် မြောက်ကိုရီးယားက ဒုံးကျည်များ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် မြောက်ကိုရီးယား၏ ပြုံယမ်းမြို့တော်မှ ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်ခတ်မှုကို ထောက်လှမ်းသိရှိခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်တာဝန်ရှိသူများက ဆိုသည်။
ထိုဒုံးကျည်များသည် ဂျပန်ပင်လယ် (Sea of Japan) ဟု လူသိများသည့် အရှေ့ပင်လယ် (East Sea) အတွင်းသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုံးကျည်များသည် ကီလိုမီတာ ၉၀၀ အကွာအဝေးအထိ ပျံသန်းခဲ့ကြောင်း၊ ထိုဒုံးကျည် ပစ်လွှတ်မှုများကို အမေရိကန်နှင့် တောင်ကိုရီးယားတို့က အနီးကပ်စောင့်ကြည့်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံကလည်း ၎င်းတို့၏ စစ်တပ်သည် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို ထောက်လှမ်းသိရှိခဲ့ကြောင်း ပြောကြား ခဲ့ပြီး မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်မှုသည် အနည်းဆုံး နှစ်ကြိမ်ခန့်ရှိခဲ့ကြောင်း အတည်ပြုနိုင်သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိ (Shinjiro Koizumi) က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်တဲ့ နေရာပြမြေပုံကိုတွေ့ရစဉ်
မြောက်ကိုရီးယားသည် ယခု ဒုံးကျည် ပစ်လွှတ်မှု မတိုင်မီ နောက်ဆုံးအကြိမ် ဒုံးကျည် ပစ်လွှတ်မှုများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည်။
ထိုအချိန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် တောင်ကိုရီးယား၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မည့် အစီအစဉ်ကို အတည်ပြုပေးခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်များ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ယခု နောက်ဆုံးအကြိမ် ဒုံးကျည် ပစ်ခတ်မှုသည် တောင်ကိုရီးယားသမ္မတ လီက တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jingpin) နှင့် တွေ့ဆုံမည့် ခရီးစဉ်မတိုင်မီ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တရုတ်သည် မြောက်ကိုရီးယားကို အဓိက ကျောထောက်နောက်ခံ ပြုပေးထားသော နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ် သည်။
ထို့ပြင် မြောက်ကိုရီးယား၏ အဓိက မဟာမိတ်များထဲမှ တစ်နိုင်ငံဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်များ ပစ်လွှတ်ခဲ့ ခြင်းဖြစ်သည်။
လေ့လာစောင့်ကြည့်သူများကမူ ဗင်နီဇွဲလားကို အမေရိကန်က တိုက်ခိုက်မှုသည် မြောက်ကိုရီးယား၏ ဒုံးကျည် များ ပစ်ခတ်ရသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။
Source: DW
