CNI International News

ပြုံယမ်း၊ နိုဝင်ဘာ ၂၁

မကြာသေးမီက မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် (ICBM) ပစ်လွှတ်မှုကို အမေရိကန်ဦးဆောင်ပြီး ရှုတ်ချခဲ့ရာတွင် ကုလသမဂ္ဂ (UN) အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ပါဝင်ခဲ့ခြင်းအပေါ် ၎င်းသည် အမေရိကန်၏ရုပ်သေးရုပ်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ခေါ်ဆိုခဲ့ပြီး ပြန်လည် တုံ့ပြန် ရှုတ်ချခဲ့သည်။

မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုအပေါ် အမေရိကန်နှင့် အခြားနိုင်ငံများက ရှုတ်ချ ဝေဖန်မှု များ အသီးသီး ထုတ်ပြန်ခဲ့ပြီးနောက် ဂူတာရက်စ်၏ ရှုတ်ချသည့် ထုတ်ပြန်ချက်လည်း အလားတူ ပေါ်ထွက်လာခဲ့ သည်။

အဆိုပါ တိုက်ချင်းပစ် ဒုံးကျည်သည် အမေရိကန်နိုင်ငံရှိ မည်သည့် နေရာမဆို ထိမှန်နိုင်စွမ်းရှိကြောင်း သိရသည်။

“UN အတွင်းရေးမှူးချုပ်ဟာ အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော် (ဒါမှမဟုတ်) သူတို့နိုင်ငံခြားဝန်ကြီးဌာနမှာ အဖွဲ့ဝင် တစ်ဦးဖြစ်နေတယ်လို့ ကျနော် မကြာခဏ မှတ်ယူမိပါတယ်” ဟု နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေ (Choe Son Hui) က ပြောသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေကိုတွေ့ရစဉ်(GETTY IMAGES)

“UN အတွင်းရေးမှူးချုပ်ဟာ ဘက်မလိုက်မှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် သာတူညီမျှမှုတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ UN ပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို သတိမမူဘဲ အင်မတန် ဝမ်းနည်းစရာ ကောင်းတဲ့ သဘောထားကို ခံယူနေတာတွေ့ရလို့ ကျနော်တို့ စိတ်မကောင်း ဖြစ်ရပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြောက်ကိုရီယား၏ ICBM စမ်းသပ်မှုကို UN လုံခြုံရေးကောင်စီတွင် အရေးယူရန် အမေရိကန်နှင့်၎င်း၏ မဟာမိတ် များ ကြိုးပမ်းနေခြင်းကို ဂူတာရက်စ်က လျစ်လျူရှုထားကြောင်း၊ သို့ဖြစ်၍ ၎င်းသည် အမေရိကန်၏ ရုပ်သေးရုပ် တစ်ရုပ်အဖြစ် အတိအလင်း သက်သေပြနေကြောင်း ချိုဆွန်ဟွေက စွပ်စွဲခဲ့သည်။

ဂျပန်နိုင်ငံ၏ တောင်းဆိုချက်အရ မြောက်ကိုရီးယား၏ ICBM ပစ်လွှတ်မှုနှင့်ပတ်သက်၍ UN လုံခြုံရေးကောင်စီ တွင် နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်း အရေးပေါ် အစည်းအဝေး ခေါ်ယူရန် စီစဉ်ထားသည်။

သို့သော်လည်း UN လုံခြုံရေးကောင်စီ၏ ဗီတိုအာဏာသုံးနိုင်သော အမြဲတမ်းအဖွဲ့ဝင် နှစ်ဦးဖြစ်သည့် တရုတ်နှင့် ရုရှား တို့ကြောင်း မြောက်ကိုရီးယားအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်နိုင်ခြင်း ရှိ/မရှိ ရှင်းရှင်း လင်းလင်း မသိရသေးပေ။

ယခုနှစ် အစောပိုင်းကလည်း တားမြစ်ထားသော ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်မှုများကြောင့် မြောက်ကိုရီးယား အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ ထပ်မံတင်းကျပ်ရန် အမေရိကန်နှင့်၎င်း၏ မဟာမိတ်များက UNအတွင်း ကြိုးပမ်း ခဲ့ကြသေးသည်။

Source: AP