CNI International News

ပြုံယမ်း၊ဇွန်လ ၂၉

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားကို ဦးတည်လျက် ဆိုးယုတ်သောရည်ရွယ်ချက်ရှိရှိဖြင့် အာရှနေတိုးဖြစ်လာအောင် ဖန်တီးနေခြင်းဖြစ်ကာ အန္တရာယ်များသော ရှေ့ပြေးလုပ်ဆောင်ခြင်း အစိတ်အပိုင်းဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ထုတ်လွှင့် ခဲ့သည်။

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ဇွန်လ ၂၉ ရက်(ယနေ့)ကျင်းပနေသည့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) နှစ်ပတ်လည်အစည်းအဝေးသို့ တောင်ကိုရီးယားနှင့် ဂျပန်ခေါင်းဆောင်များ တက်ရောက်ကြရန် နာရီပိုင်းအလို တွင် KCNA သတင်းဌာနက အထက်ပါအတိုင်း သတင်းထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထိပ်သီးအစည်းအဝေးတွင် ဆိုးလ်နှင့်တိုကျိုတို့မှ အစိုးရတာဝန်ရှိသူများသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံကြရန် စီစဉ်ထားရာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲ အသွင်ဖြင့် မြောက်ကိုရီးယားအရေးကို ပြောဆိုကြမည်ဟု သိရသည်။

၎င်းသုံးနိုင်ငံသည် လာမည့် ဩဂုတ်လတွင် ဟာဝိုင်အီကျွန်းအနီး ပစိဖိတ်နဂါး (Pacific Dragon) ဟုခေါ်သည့် ဒုံးကျည်ထောက်လှမ်းခြင်းနှင့် ခြေရာခံခြင်း စစ်ရေးသင်ခန်းစာ လေ့ကျင့်ကြမည်ဖြစ်သည်။

“အမေရိကန်သည် အာရှ-ပစိဖိတ်နိုင်ငံများ၏ အဓိကလုံခြုံရေးတောင်းဆိုမှုနှင့် စိုးရိမ်ပူပန်မှုကို ဂရုမစိုက်ဘဲ ၎င်း၏လက်တိုင်တုတ်များဖြင့် စစ်ရေးပူးပေါင်းခြင်းဖြင့် ငရဲတွင်းသို့ ဆွဲသွင်းနေသည်” ဟု KCNA သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းတွင် အဋ္ဌမအကြိမ်မြောက် ဗဟိုစစ်ကော်မရှင်အစည်းအဝေးကျင်းပနေစဉ်(ဓါတ်ပုံ-KCNA)

 

“အမေရိကန်-ဂျပန်-တောင်ကိုရီးယား စစ်ရေးမဟာမိတ်ဖွဲ့စည်းရေး အစီအစဉ်ဟာ အာရှအတွက် နေတိုးဗားရှင်း ဖန်တီးတာဖြစ်လို့ အန္တရာယ်များတဲ့ ရှေ့ပြေးနိမိတ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်” ဟု KCNA သတင်းတွင် ဆက်လက်ဖော်ပြထားပြီး စစ်အေးခေတ်ကို ဝါရှင်တန် ဖော်ဆောင်နေသည်ဟု စွပ်စွဲထားသည်။

ယခုထုတ်လွှင့်သည့်သတင်း၌ KCNA က မြောက်ကိုရီးယား၏ နိုင်ငံတကာနိုင်ငံရေးသုတေသနအဖွဲ့မှ ပညာရှင် ကင်မ်ဟိုမြောင် (Kim Hyo-myung) ၏ သီးခြားသဘောထားမှတ်ချက်တစ်ခုကို ထည့်သွင်းဖော်ပြခဲ့သည်။

“နေတိုး ဟာ အမေရိကန်ဖော်ညွှန်းတဲ့ မဟာဗျူဟာနဲ့ ဒေသတွင်းရန်လိုမှုရဲ့ကိရိယာတစ်ခုဖြစ်တယ်” ဟု ကင်မ်ဟိုမြောင်က ဝေဖန်သုံးသပ်ထားသည်။

ယခင်သီတင်းပတ်အကုန်ပိုင်းက အလားတူကြေညာချက်တစ်စောင်တွင်လည်း “တောင်ကိုရီးယားနှင့်ဂျပန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်သည် သံတမန်ရေးအရာ စေ့စပ်ညှိနှိုင်းမှုနှင့် ဆွေးနွေးမှုအခြေအနေမရှိဘဲ အရေခြုံထားကြောင်း” မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏အကြီးမားဆုံး တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် ယခုနှစ်အတွင်း စံချိန်တင်အောင် ဒုံးကျည်စမ်းသပ်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး နျူကလီးယားလက်နက် စမ်းသပ် လာမည့်အရေး စိုးရိမ်ပူပန်နေမှုများ ရှိနေသည်။

တောင်ကိုရီးယားနှင့် ဂျပန်တို့သည် အမေရိကန်၏မဟာမိတ်များဖြစ်ကြသော်လည်း ၎င်းနှစ်နိုင်ငံ၏ဆက်ဆံရေးမှာ ၁၉၁၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့သိမ်းပိုက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ သမိုင်းဝင် တင်းမာမှုများလည်း ရှိနေဆဲဖြစ်သည်။

Source: Aljazeera