CNI International News

ဖနွမ်ပင်၊ နိုဝင်ဘာ ၂၁

ကမ္ဘောဒီးယားအစိုးရ၊ နိုင်ငံခြားရေးနှင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆိုခွန်သည် ၎င်းကို ပေးအပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်တာဝန်အရ လာမည့်သီတင်းပတ်အတွင်း တတိယအကြိမ်မြောက် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း ဖနွမ်ပင်ပို့စ်သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

၎င်းသည် မြန်မာနိုင်ငံသို့လာရောက်သည့်အခါ ပုံမှန်အခြေအနေနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိရေး ကူညီဆောင်ရွက်ပေးနိုင်ရန် ထပ်မံကြိုးပမ်းသွားမည်ဟု သိရသည်။

နိုဝင်ဘာ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်စောင်တွင် နစက (SAC) က အကျဉ်းသားများ အား ပြန်လွှတ်ပေးမှုကို ဆိုခွန်က ကြိုဆိုဂုဏ်ပြုကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ အကျဉ်းသား ၆၀၀၀ ကျော်ကို ပြန်လွှတ်ပေးခြင်းသည် လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ခြေကို လမ်းပွင့်စေပြီး ကောင်းမွန်သည့်စိတ်စေတနာဖြင့် အာဆီယံ အချက် ၅ ချက်ကို သဘောတူ လက်ခံသည့်အသွင်ဆောင်ကြောင်း အာဆီယံအထူးသံတမန်၏ကြေညာချက်တွင် ဆိုခွန်က ပြောကြားခဲ့သည်။

“အခုလို အကျဉ်းသားအများအပြား ပြန်လွှတ်ပေးတဲ့အတွက် လမ်းကြောင်းမှန်ပေါ်မှာ အရေးကြီးတဲ့အပြုအမူ အဖြစ် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်စတင်ဖို့ အဆင်ပြေ အောင် ဖန်တီးပေးလိုက်တယ်လို့ အထူးသံတမန်က ရှုမြင်ပါတယ်” ဟု ကြေညာချက်တွင် ပြောကြားထားသည်။

ရန်ကုန်မြို့တွင် တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြပွဲအတွင်း မီးလောင်နေသည့် ယာယီအကာအရံအနီးတွင် ဆန္ဒပြသူတစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ- AFP)

“လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းစွာအဖြေရှာဖို့ စိတ်စေတနာနဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခုကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက် အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ ရရှိခဲ့တဲ့ အချက် ၅ ချက် သဘောထားနဲ့ အညီ အပြုသဘောဆောင် ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်” ဟု အဆိုပါကြေညာချက်တွင် ဆက်လက်ဖော်ပြထား သည်။

ပြန်လွှတ်ပေးလိုက်သည့် ထင်ရှားသောပုဂ္ဂိုလ်အချို့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်နှင့် ၈၈ မျိုးဆက် ဒီမိုကရေစီ အရေးလှုပ်ရှားသူ ကိုမြအေးတို့အပါအဝင်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ရေးသားထားသည်။

ထို့အပြင် NLD ပါတီ CEC နှင့်ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦး၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ စာရေးဆရာမောင်သာချို၊ ရွှေညဝါဆရာတော်၊ ဗြိတိန်သံတမန်ဟောင်း ဗစ်ကီဗိုးမန်းနှင့်ခင်ပွန်း၊ ဂျပန် သတင်းသမားနှင့်ရုပ်ရှင်ထုတ်လုပ်သူ မစ္စတာတိုရူကူဘိုတာနှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဌေးတို့ကိုလည်း နစက-က နိုဝင်ဘာ ၁၇ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

“အချက် ၅ ချက် သဘောတူညီမှုရဲ့ဦးစားပေးကဏ္ဍ ၃ ခုအပေါ်မှာ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီ ၃ ခုကတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ပေါ်လာဖို့ ယုံကြည်မှုတည်ဆောက်ရေးတို့ ဖြစ်ပါ တယ်” ဟု ဆိုခွန်က ပြောကြားခဲ့သည်။

Source: Phnompenh Post