CNI International News
ဘန်ကောက်၊ ဇွန်လ ၂၅
ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံသည် ပြည်တွင်းရှိ ကျားဖြန့်လုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီးနောက် သီရိလင်္ကာနိုင်ငံသည် ကျားဖြန့်ဗဟိုချက်ဖြစ်လာသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
အရှေ့တောင်အာရှတွင် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံအချို့၌ ဒေါ်လာဘီလျံနှင့်ချီ လိမ်ညာနေသည့် ကျားဖြန့်လုပ်ငန်းကြီးများကို ပြင်းပြင်းထန်ထန် နှိမ်နင်းလျက်ရှိနေသည်။
ထို့နောက် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် ၎င်းတို့ လုပ်ငန်းများကို နေရာ ရွှေ့ပြောင်းလာခဲ့သဖြင့် သီရိလင်္ကာသည် ကျားဖြန့်လုပ်ငန်းများ၏ ဗဟိုချက်အသစ်အဖြစ် ပေါ်ထွက်လာခဲ့သည်။
ကျားဖြန့်လုပ်ကိုင်သူများသည် ကမ္ဘာလှည့် ခရီးသွားများအဖြစ် ဗီဇာယူကာ နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး နောက် ကမ္ဘာတစ်ဝန်းရှိ လူများကို ပစ်မှတ်ထားသည့် ကျားဖြန့်လုပ်ငန်းများအား တရားမဝင် တည်ထောင် လုပ် ကိုင်လာခဲ့သဖြင့် နိုင်ငံအတွင်း ဆိုက်ဘာရာဇဝတ်မှုများ စိုးရိမ်ဖွယ်ရာ မြင့်တက်လာကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ ၏ ပြန်ကြားရေးအရာရှိ ဖရက်ဒရစ် ဝုတ္တလာ (Fredrick Wootler) က ပြောကြားခဲ့သည်။

သီရိလင်္ကာရဲတပ်ဖွဲ့က လုံခြုံရေးစစ်ဆေးနေစဉ်
သီရိလင်္ကာ အာဏာပိုင်များသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်းများဟု သံသယ ရှိသော လုပ်ငန်းခွင်များကို ၁၂ ကြိမ်ထက်မနည်း ဝင်ရောက်စီးနင်းခဲ့သည်။
ထိုရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသော နိုင်ငံခြားသား ၇၀၀ နီးပါးကို ဖမ်းဆီးခြင်း၊ ပြည်နှင် ဒဏ် ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း သီရိလင်္ကာရဲတပ်ဖွဲ့သည် ကိုလံဘိုမြို့တော်တွင် ဝင်ရောက် စီးနင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံသား ၁၈ ဦးနှင့် လာအိုနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
စီးနင်းခံရသည့် နေရာကို သွားရောက် လေ့လာရာတွင် လိမ်လည်သူများသည် တရားမဝင် အသိအမှတ်ပြု လက်မှတ်အတုများ၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရွက်စာတမ်း အတုများနှင့် ၎င်းတို့၏ကုမ္ပဏီသည် ဒေါ်လာ ၁၀ ဘီလျံချီ တန်ကြေးရှိကြောင်း ဖော်ပြထားသည့် ကုမ္ပဏီမှတ်ပုံတင် စာရွက်စာတမ်းအတု အပါအဝင် စာရွက်စာတမ်းအတု အမြောက်အမြားကို ထားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
“သူတို့ဆီမှာ ဖုန်းတွေ၊ လက်ပ်တော့တွေ၊ drive တွေ၊ ကွန်ပျူတာရမ် (RAM) တွေ၊ ပရိုဆက်ဆာတစ်ခု၊ စာရွက် စာတမ်းအတု ပြုလုပ်ဖို့ အသုံးပြုတဲ့ တံဆိပ်တုံး တစ်ခုနဲ့ စာရွက်စာတမ်းအတု အများအပြား ရှိနေပါတယ်။ ကျနော် တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ အသိအမှတ်ပြု လက်မှတ်တစ်ခုဆိုရင် သူတို့ဟာ အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ စီးပွား ရေး လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြသဖို့ အတုပြုလုပ်ထားတာဖြစ်ပြီး အဲဒါကို မှန်ဘောင်သွင်းပြီး နံရံမှာတောင် ချိတ်ဆွဲထားပါသေးတယ်”ဟု ဝုတ္တလာက ဆိုသည်။

သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေးက ခရီးသွားတွေကို စစ်ဆေးနေစဉ်
ယခုလှုပ်ရှားမှု၏ နောက်ကွယ်တွင် တရုတ်ရာဇဝတ်ဂိုဏ်းတစ်ခု ရှိနေကြောင်း အတည်ပြုခဲ့ပြီ ၎င်းတို့သည် အမေရိကန်နိုင်ငံသားများကို အမေရိကန်ကုမ္ပဏီ အတုတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ရဲမှူးကြီး ကာမဲလ် အရီယာဝမ်ဆာ (Kamal Ariyawansa) က ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ကျားဖြန့်လိမ်လည်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ် ပေးခံရသူ အများ စုမှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် မြန်မာနိုင်ငံ တို့မှ နိုင်ငံသားများကိုလည်း ဝင်ရောက် စီးနင်းမှုများအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဖမ်းဆီးခံရသူ အားလုံးသည် သီရိလင်္ကာနိုင်ငံသို့ ခရီးသွားဗီဇာ (Tourist Visa) များဖြင့် ဝင်ရောက် လာကြသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Source: Nikkei Asia
