CNI International News
နယူးဒေီ၊ ဇွန်လ ၂၅
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် BRICS အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးအကြံပေးများ၊ အဆင့်မြင့် လုံခြုံရေးအရာရှိများနှင့် ဇွန်လ ၂၃ ရက်တွင် တွေ့ဆုံခဲ့သည်ဟု DD India သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့နောက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် BRICS အဖွဲ့ကြီး၏ အရေးပါပုံကို အလေးထား ပြောဆိုခဲ့သည်။
ထိုတွေ့ဆုံပွဲအတွင်း ဝန်ကြီးချုပ် မိုဒီက ပိုမိုရှုပ်ထွေးလာသည့် ကမ္ဘာ့အခင်းအကျင်းတွင် အဓိကကျသော လုံခြုံရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာစေရန်အတွက် BRICS အဖွဲ့၌ အရေးကြီးသော ကဏ္ဍတစ်ခု ရှိကြောင်း ပြောကြားခဲ့သည်။
အကြမ်းဖက်မှု၊ ဆိုင်ဘာလုံခြုံရေးနှင့် တိုးတက်လာသည့် နည်းပညာများကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများ ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မိုဒီက ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၏ BRICS အလှည့်ကျဥက္ကဋ္ဌ တာဝန်သည် အဖွဲ့ဝင်နိုင်ငံများကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရန် အဓိက အာရုံစိုက်သွားမည်ဖြစ်ကြောင်း မိုဒီက ပြောသည်။
ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ အကျိုးစီးပွားကို ရှေ့တန်းတင် ကာကွယ်ပေးသွားမည့် အိန္ဒိယ၏ ကတိကဝတ်ကို မိုဒီက ထပ်လောင်း ပြောကြားခဲ့ပြီး BRICS အဖွဲ့ကြီး အနေဖြင့် ပိုမို ဘေးကင်းလုံခြုံပြီး အားလုံးပါဝင်နိုင်သော ကမ္ဘာကြီးတစ်ခု တည်ဆောက်ရာတွင် များစွာ အထောက်အကူ ပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
BRICS အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးအကြံပေးများ၊ အဆင့်မြင့် လုံခြုံရေးအရာရှိများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးခွင့် ရခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း မိုဒီက ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား ခဲ့သည်။
အကြမ်းဖက်မှုနှင့် ဆိုင်ဘာလုံခြုံရေးကဲ့သို့ ဘုံစိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရန်နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအား ပိုမိုမြှင့်တင်ရန်အတွက် BRICS အဖွဲ့တွင် အရေးပါသော ကဏ္ဍတစ်ခုရှိကြောင်း မှတ်ချက် ပြုခဲ့သည်။
“BRICS နိုင်ငံတွေက အမျိုးသားလုံခြုံရေးအကြံပေးတွေ၊ အဆင့်မြင့် လုံခြုံရေးအရာရှိတွေနဲ့ တွေ့ဆုံခွင့်ရတဲ့ အတွက် ဝမ်းမြောက် မိပါတယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာ့အခြေအနေမှာ အကြမ်းဖက်မှု၊ ဆိုင်ဘာလုံခြုံရေးကနေ နည်းပညာဖွံ့ဖြိုးစ နိုင်ငံတွေအတွက် ဘုံစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင် ရွက်မှုတွေကို ပိုမို နက်ရှိုင်းအောင် လုပ်ဆောင်ဖို့အတွက် BRICS အဖွဲ့မှာ အရေးပါတဲ့ ကဏ္ဍတစ်ခု ရှိနေပါတယ်” ဟု မိုဒီက ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားပြီး ၎င်းတို့၏ သက်တမ်းအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် လက်တွေ့ကျသော ရလဒ်များ ထွက်ပေါ်လာစေရန် မြှင့်တင်ပေးခြင်းတို့ကို အဓိက ဦးစားပေး လုပ်ငန်းများအဖြစ် ဆက်လက် ထားရှိသွားမည်ဟု ပြောကြားခဲ့သည်။
Source: DD India
