CNI Article

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃

ဟိန္ဒိူဘာသာသည် ကမ္ဘာ့ သက်တမ်းအရှည်ကြားဆုံး ဘာသာများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ထို့အတူ အိန္ဒိယနိုင်ငံသည်လည်း ကမ္ဘာကျော် ယောဂနည်းပြဆရာများ၊ ဂုရုများနှင့် ဘာသာရေးဆရာများ နေထိုင်သည့် နိုင်ငံတစ်ခုအဖြစ် ရာစုနှစ်များစွာကြာ တည်ရှိခဲ့သည်။

မျက်မှောက်ခေတ် အိန္ဒိယနိုင်ငံတွင် ယောဂနည်းပြ ဆရာတစ်ဦးဖြစ်သည့် Sadhguru သည် ဘာသာရေးအရ သြဇာလွှမ်းမိုးမှုအကြီးဆုံး ပုဂ္ဂိုလ် အယောက် ၁၀၀ စာရင်းတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

မျက်မှောက်ခေတ် အိန္ဒိယနိုင်ငံ၏ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများကို ဗာရာဏသီ (Varanasi) မြို့တွင် တွေ့မြင်နိုင်မည် ဖြစ်သည်။ ကာရှီ (Kashi) ဟုလည်း လူသိများသည့် ဗာရာဏသီမြို့ကို "အိန္ဒိယ၏ ဘာသာရေး နှလုံးသည်းပွတ်နေရာ" ဟုလည်း ခေါ်ဆိုကြသည်။

ထိုထုံးတမ်းစဉ်လာများသည် အိန္ဒိယဝန်ကြီးချုပ်မိုဒီ (Narendra Modi) ၏ အစိုးရလက်ထက်တွင် ပိုမိုထင်ရှား လာခဲ့သည်။ မိုဒီ၏ လက်ထက် အိန္ဒိယနိုင်ငံသည် ရှေးဟောင်း ဟိန္ဒိူဘာသာ၏ အခြေခံအရင်းအမြစ်များနှင့် ချိတ်ဆက်မှုရှိလာခဲ့သည်။

မိုဒီ၏ အာဏာရ BJP ပါတီသည် ရှေးဟောင်း Sanskrit ဘာသာစကား၏ အခြေခံ အရင်းအမြစ်များနှင့် ပြန်လည် ချိတ်ဆက်ရန် ရည်မှန်းထားသည်။ Sanskrit ဘာသာစကားသည် ဟိန္ဒိူဘာသာအတွက် အထွဋ်အမြတ်ထားသည့် အဓိက ဘာသာစကား ဖြစ်သည်။

ဟိန္ဒိူ ၊ ဘဂဝဒ်ဂီသာ (Bhagvad Geeta) နှင့် မဟာဘာရက် (Mahabharat) စာအုပ်များကို Sanskrit ဘာသာ စကားဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် ရွေးကောက်ပွဲက BJP ပါတီသည် ရှေးဟောင်း ဟိန္ဒိူနိုင်ငံ၏ ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ဆောင် သွားလိုကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံကို ဗြိတိသျှနှင့် မွန်ဂိုတို့ ကိုလိုနီပြုခဲ့ချိန်က ဟိန္ဒိူယဉ်ကျေးမှုများ ကြီးကြီးမားမား ထိခိုက်ခဲ့သည်ဟု BJP ခေါင်းဆောင်များက ယူဆခဲ့သည်။

ထို့ကြောင့် BJP ခေါင်းဆောင်များသည် အတိတ်က အမှားများကို ပြန်လည်ပြင်ဆင်ပြီး သမိုင်းကို ပြန်ရေးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

သို့သော် ထိုဘာသာရေး ရည်မှန်းချက်များသည် နိုင်ငံရေးမူဝါများနှင့် သမမျှတစွာ ပေါင်းစည်းနိုင်မည် ဟုတ်၊ မဟုတ်ကို မေးခွန်းထုတ်ရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဝန်ကြီးချုပ်မိုဒီ၏ နိုင်ငံခြားရေးမူဝါဒတွင် အိန္ဒိယ၏ ရှေးဟောင်း ယဉ်ကျေးမှုများကို ပြန်လည် အသက်သွင်းလိုသည့် အရိပ်လက္ခဏာများကို အထင်အရှား တွေ့မြင်နေရသည်။

ပထမဆုံးအနေနှင့် မိုဒီသည် ဟိန္ဒိူဘာသာ၏ ယောဂကျင့်စဉ်ကို နိုင်ငံတကာ အသိအမှတ်ပြုသည့် နိုင်ငံတကာ ယောဂနေ့ (International Day of Yoga) အဖြစ် ကုလသမဂ္ဂတွင် အဆိုပြုတင်သွင်းခဲ့သည်။

မိုဒီသည် ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားခဲ့ချိန်ကလည်း အိန္ဒိယ၏ ဘာသာရေးကို အလေးထား ဖော်ပြသည့် အနေဖြင့် ယောဂကျင့်စဉ်သည် အိန္ဒိယ၏ ရှေးဟောင်း ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းများတွင် တစ်ခု အပါအဝင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒုတိယအချက်မှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization - (SCO) ၏ အလှည့်ကျဥက္ကဋ္ဌ နေရာကို အိန္ဒိယက ရယူချိန်တွင် မိုဒီ၏ ဘာသာရေးနှင့် ဆက်နွှယ်သည့် နိုင်ငံခြားရေးမူဝါဒကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

မိုဒီသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွက် SCO ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း SCO ၏ သဘောထားများ အတွင်း အိန္ဒိယ၏ ဘာသာရေး အယူဝါဒများကို ထည့်သွင်းခဲ့သည်။

အိန္ဒိယသည် ၎င်း၏ ဘာသာရေးဆိုင်ရာ ထုံးတမ်းဓလေ့များကို ကမ္ဘာအထိ ပျံ့နှံ့စေရန် လုပ်ဆောင်သည့် အနေဖြင့် ဗာရာဏသီမြို့တွင် SCO အစည်းအဝေးများနှင့် အခမ်းအနားများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

စက်မှုထိပ်သီးနိုင်ငံ ၂၀ (G 20) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူခဲ့ချိန်ကလည်း အိန္ဒိယသည် ၎င်း၏ ရှေးဟောင်း ဘာသာရေးဆိုင်ရာ ထုံးတမ်းဓလေ့များကို အလေးထားဖော်ပြခဲ့သည်။

အိန္ဒိယ၏ G-20 အလှည့်ကျဥက္ကဋ္ဌနေရာ ရယူမှုသည် "တစ်ပေါင်းတစ်စည်းတည်းဖြစ်မှု" အတွက် ဖြစ်သည်ဟု မိုဒီက ဖော်ပြခဲ့သည်။

"တစ်ပေါင်းတစ်စည်းတည်းဖြစ်မှု" ဆိုသည့် စကားလုံးသည် "ကမ္ဘာတစ်ခု၊ မိသားစုတစ်စု၊ အနာဂတ်တစ်ခု" ဟူသည့် အဓိပ္ပာယ်ဖြစ်သည်ဟု မိုဒီက ပြောကြားခဲ့ပြီး ထိုအဓိပ္ပာယ်သည် အိန္ဒိယ၏ ရှေးဟောင်း ဘာသာရေး အယူဝါဒများထဲတွင် ပါဝင်နေသည်။

ထို့ကြောင့် ခြုံငုံသုံးသပ်ရမည်ဆိုပါက မိုဒီ၏ BJP ပါတီသည် ဘာသာရေးနှင့် နိုင်ငံရေးကို ချိတ်ဆက် လုပ်ဆောင် နေသည့် ကြိုးပမ်းအား ထုတ်မှုကို မြင်တွေ့ရမည်ဖြစ်သည်။

သို့သော် ဟိန္ဒိူဘာသာ၏ အမွေအနှစ်များနှင့် ထုံးတမ်းဓလေ့များကို နိုင်ငံရေးမူဝါဒအတွင်း သင့်တင့်မျှတစွာ ထည့်သွင်း ကျင့်သုံးနိုင်ခြင်းမရှိပါက နိုင်ငံအတွင်း ဘာသာရေးပဋိပက္ခများ ဖြစ်လာစေမည့်အချက်ကို မိုဒီအစိုးရ အနေနှင့် သတိချပ်သင့်ပေသည်။

Source: Asia Times