CNI Sport Article

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပြီးဆုံးဖို့ ၁ ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နောက်တစ်ဆင့်တက်တဲ့ အသင်းအရေအတွက် ၁၂ သင်းအထိ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် ရှုံးထွက် ၁၆ သင်း အဆင့်အတွက် လက်ကျန် ၄ နေရာသာ ကျန်ရှိတော့တာဖြစ်ပြီး ဒီအသင်းတွေ ကတော့ နောက်ဆုံး ပွဲစဉ်အပြီးမှာ ထွက်ပေါ်လာတော့မှာပါ။ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ နာမည်ကြီး အသင်းတွေ အများကြီး ထွက်ခွာခဲ့ရပြီး နောက်ထပ်ထွက်ခွာရမယ့် အသင်းကြီးတွေလည်း ရှိနေသေးပါတယ်။

UCL ပွဲစဉ် ဇယားကိုတွေ့ရစဉ်

၁၆ သင်းအဆင့်ကို တက်ရောက်သွားပြီဖြစ်တဲ့ အသင်း ၁၂ သင်းကတော့ စပိန်ကလပ်တွေဖြစ်တဲ့ ရီးရယ်လ်၊ ဘာစီလိုနာ၊ အသလက်တီကိုနဲ့ ဆိုစီဒက်၊ ဂျာမနီအသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်၊ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်၊ အီတလီကလပ်တွေဖြစ်တဲ့ အင်တာမီလန်နဲ့ လာဇီယို၊ နယ်သာလန်ကလပ် PSV အသင်းတို့ပါ။ 

နာမည်ကြီး အသင်းတွေဖြစ်တဲ့ ဆီဗီလာ၊ ဘင်ဖီကာ၊ ဖီယင်နု၊ ဆဲလ်တစ်တို့ကတော့ ပြိုင်ပွဲမပြီးဆုံးသေးခင်မှာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရဲ့ နောက်ဆုံး ၄ နေရာအတွက် ယှဉ်ပြိုင်ရမယ့် အုပ်စုတွေကတော့ အုပ်စု A, အုပ်စု C, အုပ်စု F နဲ့ အုပ်စု H တို့ပဲ ဖြစ်ပါတယ်။

အုပ်စု A မှာတော့ ဘိုင်ယန်မြူးနစ်အသင်းက အုပ်စုပထမနဲ့ နောက်တစ်ဆင့် တက်သွားခဲ့ပြီ ဒုတိယနေရာအတွက် ကိုပင်ဟေဂင်၊ ဂါလာတာစာရေးနဲ့ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲမှာ ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက်အသင်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲတွေမှာ ယူနိုက်တက်အသင်းဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိဘဲ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရအောင် ကစားနိုင်တယ်ဆိုရင်တောင် ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေး အသင်းတို့ပွဲစဉ်မှာ သရေရလဒ် ထွက်ပေါ်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းကို တွေ့ရစဉ်

အဲ့ဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်နည်းနေပြီး ယူရိုပါလိဂ် ဝင်ခွင့် ရအောင် ယူဖို့သာ လုပ်ဆောင်နိုင်ဖို့ ရှိနေတာပါ။

ကိုပင်ဟေဂင်အသင်းနဲ့ ဂါလာတာစာရေး အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ အတူ နောက်တစ်ဆင့်တက်ဖို့ အလားအလာများနေတာ ဖြစ်ပါတယ်။

အုပ်စု C မှာတော့ ရီးရယ်လ်အသင်းက အုပ်စုပထမနဲ့ နောက်တစ်ဆင့် တက်ခဲ့ပြီးပြီဖြစ်လို့ ဒုတိယနေရာအတွက် နာပိုလီနဲ့ စပို့တင်းဘရာဂါအသင်းတို့ ယှဉ်ပြိုင်ရမှာပါ။ ဒီနှစ်သင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်လို့ နှစ်သင်းစလုံးအတွက် ဗိုလ်လုပွဲလို ဖြစ်လာမယ့်ပွဲစဉ် ဖြစ်ပါတယ်။

ဒါပေမယ့် နာပိုလီအသင်းဟာ ၃ မှတ် အသာရထားပြီး အိမ်ကွင်းမှာလည်း ကစားရမှာဖြစ်လို့ နောက်တစ်ဆင့် တက်ဖို့ ပေါ်တူဂီကလပ် အသင်းထက် အခြေအနေ ကောင်းနေတာပါ။ သရေကျတာနဲ့ ၁၆ သင်း အဆင့်တက်မှာ ဖြစ်တဲ့ နာပိုလီအသင်းဟာ ဒုတိယနေရာ ရယူနိုင်ဖို့ သေချာနေတာ ဖြစ်ပါတယ်။ 

Group of Death လို့ သတ်မှတ်ထားတဲ့ အုပ်စု F မှာ ဒေါ့မွန်အသင်းဟာ နောက်တစ်ဆင့် တက်သွားခဲ့ပြီဖြစ်လို့ ဒုတိယနေရာအတွက် ပီအက်စ်ဂျီ၊ နယူးကာဆယ်နဲ့ အေစီမီလန်အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။

ဒီ ၃ သင်းကြားမှာ ရမှတ်ကွာဟမှုက ၂ မှတ်သာရှိပြီး နောက်ဆုံးပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းက ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နယူးကာဆယ်အသင်းနဲ့ အေစီမီလန်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းကသာ ဒီပွဲမှာ နိုင်ပွဲရယူနိုင်ရင် နောက်တစ်ဆင့် တက်သွားမှာဖြစ်ပြီး နယူးကာဆယ်နဲ့ အေစီမီလန် အသင်းတို့ဟာ ယူရိုပါလိဂ်နေရာအတွက် ယှဉ်ပြိုင်ရမှာပါ။

နာပိုလီအသင်းကိုတွေ့ရစဉ်

ပီအက်စ်ဂျီက အရေးနိမ့်ခဲ့မယ်ဆိုရင် နယူးကာဆယ်နဲ့ အေစီမီလန်ပွဲက နိုင်တဲ့အသင်းက ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဘတ်ပီတို့လို နာမည်ကြီး ကစားသမားတွေပါတဲ့ ပီအက်စ်ဂျီအသင်းကသာ ၁၆ သင်းအဆင့် တက်ရောက်နိုင်ဖို့ အလားအလာများနေပါတယ်။

အုပ်စု H မှာတော့ ဘာစီလိုနာအသင်းက နောက်တစ်ဆင့် တက်ခဲ့ပြီးပြီဖြစ်လို့ ပေါ်တိုနဲ့ ရှက်တာဒိုးနက် အသင်းတို့ ဟာ ဒုတိယနေရာအတွက် ယှဉ်ပြိုင်ရမှာပါ။ ၂ သင်းစလုံးဟာ ရမှတ် ၉ မှတ်ချင်းစီတူညီနေပေမယ့် ပထမအကျော့ က ပေါ်တိုအသင်း အနိုင်ရခဲ့တာကြောင့် ထိပ်တိုက်တွေ့ဆုံမှု အသာစီးနဲ့ ပေါ်တိုအသင်းက ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီအချက်က ပေါ်တိုအသင်းအတွက် အားသာချက်ဖြစ်တဲ့အပြင် အိမ်ကွင်းမှာ နောက်ဆုံးပွဲအဖြစ် ထိပ်တိုက်တွေ့ဆုံ ရမှာပါ။ အဲ့ဒါကြောင့် ပေါ်တိုအသင်း အနေနဲ့ မရှုံးရင် ၁၆ သင်းအဆင့် တက်နိုင်မှာဖြစ်ပြီး ရှက်တာဒိုးနက်ကတော့ မဖြစ်မနေနိုင်ပွဲရယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလထဲမှာ ကစားမယ့် အုပ်စုနောက်ဆုံး ပွဲစဉ်တွေမှာ ၁၆ သင်း အဆင့်အတွက် လက်ကျန် ၄ နေရာကို ဘယ်အသင်းတွေက ရယူနိုင်မလဲဆိုတာနဲ့ ဘယ်အသင်းတွေက လက်ပြနှုတ်ဆက် သွားမလဲဆိုတာ မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။