CNI International Article

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄

ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမာ့စ်စစ်ပွဲသည် နိုဝင်ဘာ၂၂ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။ 

၄ ရက်ကြာ သတ်မှတ်ထားသည့် ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးတွင် အကျဉ်းချခံထား ရသည့် ပါလက်စတိုင်း အကျဉ်းသား ၁၅၀ နှင့် ဂါဇာတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံ ၅၀ ကို လဲလှယ်ရန်၊ ဂါဇာ ဒေသအတွင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ခွင့်ရစေရန် အစရှိသည့် သဘော တူညီချက်များ ပါဝင်ခဲ့သည်။

သို့ဆိုလျင် ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အစ္စရေးနှင့် ဟားမာ့စ်အတွက် မည်သို့သော အကျိုးအမြတ်များ ရလာနိုင်သည်ဆိုသည့် အချက်ကို သုံးသပ်ရမည်ဖြစ်သည်။

 ဟားမာ့စ် တပ်ဖွဲ့၀င်ကို တွေ့ရစဉ်

အခြေခံ သဘောတရားအရ ထိုအပစ်အခတ်ရပ်စဲရေးသည် ဂါဇာတွင် တိုက်ခိုက်မှုများ ရပ်တန့်စေပြီး အရပ် သားများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့ကို ယာယီရပ်တန့် စေမည်ဖြစ်သလို လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းကိုလည်း အနည်းနှင့်အများဆိုသလို လျော့ပါးစေမည်ဖြစ်သည်။

စစ်ပွဲဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့အကြား နိုင်ငံရေးနှင့် စစ်ရေး အမြတ်ထွက်မှုကို နှိုင်းယှဉ်ကြည့်ရ မည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲမှုကြောင့် ဟားမာ့စ်အဖွဲ့သည် နိုင်ငံရေးအရ အမြတ်ထွက်နိုင်ခြေရှိပြီး စစ်ရေးအရ သိသာသည့် အကျိုးသက်ရောက်မှုများ မရှိနိုင်ပေ။

အစ္စရေးအတွက်မူ အပစ်အခတ်ရပ်စဲရေးသည် စစ်ရေးအရ အမြတ်ထွက်နိုင်ပြီး နိုင်ငံရေးအရ သိသာသည့် အကျိုးသက်ရောက်မှုမျိုး မရှိနိုင်ပေ။

အစ္စရေးသည် ဟားမာ့စ်နှင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများကို သီတင်းခြောက်ပတ်ကြာ လုပ်ဆောင်ခဲ့ကာ မြေပြင်စစ်ဆင်ရေးကို သီတင်းသုံးပတ်ကြာ လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ စစ်အင်အားကို အပြည့်အဝ အသုံးချခဲ့သည်။ 

ထိုကဲ့သို့ ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများသည် အစ္စရေး လက်နက်ကိုင် တပ်ဖွဲ့များကို မြေပြင် စစ်ဆင်ရေးများ ပြုလုပ်ရန်အတွက် ဂါဇာဒေသသို့ ဝင်ခွင့်ရစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူ အများစုက သုံးသပ်ခဲ့ကြသည်။ 

 ဖမ်းဆီးခံထားရသော ဓားစားခံကလေးငယ်များကို တွေ့ရစဉ်

သို့သော်လည်း အစ္စရေးကဲ့သို့ စစ်ပွဲအတွက် အသင့်အနေအထား ပြင်ဆင်ထားသည့် နိုင်ငံမျိုးပင်လျင် လက်နက်နှင့် ခဲယမ်းများကို ပြည့်စုံလုံလောက်စွာ အရံသင့် ထိန်းသိမ်းထားနိုင်ရန် လိုအပ်နေသည်။

ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန် စစ်ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သူ အိုမာ ဘရက်ဒလေ (Omar Bradely) ပြောကြားခဲ့ဖူးသည့်် စကားတစ်ခွန်းရှိသည်။ 

ထိုစကားမှာ "အတွေ့အကြုံ မရှိသူတွေက မဟာဗျူဟာအကြောင်း ပြောကြတယ်။ ပရော်ဖက်ရှင်နယ်တွေကတော့ ထောက်ပို့အကြောင်းကိုပဲ ပြောကြတယ်" ဟူသည့််စကားဖြစ်သည်။

အစ္စရေး၏ ရှေ့တန်းစစ်မြေပြင်မှ တပ်မှူးများသည် ဂါဇာကို အပြင်းအထန် တိုက်ခိုက်ရန် ဆန္ဒပြင်းပြနေခြင်း ဖြစ်နိုင်သည်။ သို့သော် နောက်တန်းတွင် စစ်လက်နက်အင်အားကို သင်္ချာတွက်သကဲ့သို့ တိကျသေချာသည့် ရလဒ်ထွက်ပေါ်စေရန် တွက်ချက်နေရမည်ဖြစ်သည်။ 

ယုံကြည်အားကိုးရလောက်သည့် သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ အစ္စရေးလေတပ် (IAF) သည် စမတ်ဗုံး များ ပြတ်လပ်လာပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

အွန်လိုင်းပေါ်မှ ကျွမ်းကျင်သူများ၏ ဆွေးနွေးမှုများတွင်လည်း IAF သည် ဂါဇာဒေသကို တိုက်ခိုက်ရန် JDAM စမတ်ဗုံး ၂၅၀၀ ကျော်ကို အသုံးပြုခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ထိုလက်နက်ခဲယမ်း အမျိုးအစားသည် ၁၀ ရက်စာသာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့ကြသည်။ 

နိုင်ငံအားလုံးမှ စစ်တပ်များသည် အရေးပေါ် အသုံးပြုရန်အတွက် အရန်ထားရှိရမည့် လက်နက်ခဲယမ်းပမာဏ မည်မျှ သိုလှောင်ထားရမည်ကို သတ်မှတ်ထားကြသည်။

ထိုကဲ့သို့ အရန်လက်နက်ခဲယမ်းပမာဏ မည်မျှထားရှိသည်ဆိုခြင်းသည် လျှို့ဝှက်ချက် တစ်ခုဖြစ်သဖြင့် မည်သူ ကမှ အတိအကျ မခန့်မှန်းနိုင်ပေ။

သို့သော် အစ္စရေးသည် ဂါဇာစစ်ပွဲတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများကို ချက်ချင်း ပြန်လည်ဖြည့်တင်းရန် လုပ်ဆောင်နေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ 

၁၉၇၃ ခုနှစ်က အစ္စရေးသည် ဆီးရီးယား၊ အီဂျစ်နှင့် ၎င်းတို့၏ အာရပ်မဟာမိတ်များနှင့် စစ်ပွဲများ ဖြစ်ပွားခဲ့ချိန်က လက်နက်ခဲယမ်းများ ပြတ်တောက်မည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

အစ္စရေးစစ်တပ်ကို တွေ့ရစဉ်

ထို့နောက် အမေရိကန်သည် Operation Nickel Grass အမည်ရှိ စစ်ဆင်ရေးဖြင့် အစ္စရေးကို သမိုင်းတစ်လျှောက် အကြီးမားဆုံး စစ်ရေးအကူအညီကို လေယာဉ်များဖြင့် ပေးပို့ခဲ့ရသည်။

ထိုအချိန်က အမေရိကန်လေတပ်သည် အစ္စရေးကို တန် ၁၀၀၀ အလေးချိန်ရှိသည့် လက်နက်ခဲယမ်းများ နေ့စဉ် ပေးပို့ခဲ့သည်။ အမေရိကန်က အစ္စရေးကို ပေးပို့ခဲ့သည့် လက်နက်ခဲယမ်း တန်ချိန် စုစုပေါင်းသည် တန်ချိန် ၂၂,၀၀၀ ကျော်ရှိခဲ့သည်။ 

ထိုဖြစ်စဉ်မျိုးသည် အစ္စရေးအတွက် သမိုင်းတစ်ပတ် ပြန်လည်လာပုံရသည်။ ပြီးခဲ့သည့် သီတင်းနှစ်ပတ် အတွင်း မှာပင် အမေရိကန်၏ C-17 သယ်ယူပို့ဆောင်ရေး လေယာဉ်များသည် အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ရှိ ဘန် ဂူရီယွန် (Ben Gurion) လေဆိပ်နှင့်် နီဂက်ဗ် (Negev) သဲကန္တာရအတွင်းရှိ နီဗာတင်မ် (Nevatim) လေတပ်စခန်းများသို့ ဆိုက်ရောက်လာခဲ့ကြသည်။

အမေရိကန်၏ C-17 လေယာဉ်အများစုသည် ဂျာမနီနိုင်ငံ၏ ရမ်စတိန်း (Ramstein) လေတပ်စခန်းမှ ပျံသန်း ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ထိုလေယာဉ်များပေါ်တွင် စစ်ဘက်ဆိုင်ရာ အရေးပေါ် ပစ္စည်းများ အပြည့်ပါဝင်ခဲ့သည်။ 

ထို့ကြောင့် ယခု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အစ္စရေးအတွက် စစ်လက်နက်ပစ္စည်းများ ပြန်လည် ဖြည့်တင်းနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်သည်။ 

ထို့ပြင် ဂါဇာဒေသတွင် အစ္စရေး မြေပြင်တပ်ဖွဲ့များ၏ နည်းဗျူဟာများနှင့် စစ်ဆင်ရေး အခြေအနေကို ပြန်လည် သုံးသပ်ရန်လည်း အချိန်ရသွားခဲ့ခြင်းလည်း ဖြစ်သည်။ 

အစ္စရေး မြေပြင်တပ်ဖွဲ့များသည် ဂါဇာတွင် မြေအောက်လိုဏ်ခေါင်းများ တွေ့ရှိခဲ့သော်လည်း ထောင်ချောက် အဆင်ခံရမည့် အခြေအနေကြောင့် ထိုလိုဏ်ခေါင်းများထဲသို့ ဆင်းသက်ခဲ့ခြင်း မရှိသေးပေ။

ထို့ကြောင့် ယခု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အစ္စရေးအတွက် လက်နက်ခဲယမ်းများ ပြန်လည် ဖြည့်တင်းရန်နှင့် ဂါဇာတွင် ပြုလုပ်နေသည့် စစ်ဆင်ရေးကို ပြန်လည်သုံးသပ်ရန် အချိန်ကောင်းတစ်ခု ရရှိခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်သည်။

Source: အယ်လ်ဂျာဇီးယား