CNI Sport Article 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄

ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီးအတွက် ခြေစစ်ပွဲကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ 

အိမ်ရှင်ဂျာမနီ အပါအဝင် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းအရေအတွက် ၂၁ သင်းအထိ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအသင်းတွေကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား အသင်းတွေဖြစ်ပြီး နာမည်ကြီး ကစားသမားတွေ ပါဝင်တဲ့ အသင်းအချို့ကတော့ ခြေစစ်ပွဲကနေ လှည့်ပြန်ခဲ့ရတာပါ။

ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စု ၁၀ အုပ်စုက ထိပ်ဆုံး ၂ သင်းစီဟာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး လက်ကျန် ၃ နေရာအတွက် နေးရှင်းလိဂ်ပြိုင်ပွဲက အဆင့်သတ်မှတ်ချက် အကောင်းဆုံး အသင်းတွေက ပလေးအော့ဖ် ယှဉ်ပြိုင် ပြီး ဝင်ခွင့်တွေကို ရယူသွားမှာ ဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းကို တွေ့ရစဉ်

အိမ်ရှင် ဂျာမနီအသင်း အပါအဝင် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းတွေကို ဖော်ပြရမယ်ဆိုရင် ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ ပြင်သစ်၊ စကော့တလန်၊ စပိန်၊တူရကီ၊ ဩစတြီးယား၊ အင်္ဂလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ အက်စ်တိုး နီးယား၊ ဒိန်းမတ်၊ နယ်သာလန်၊ ရိုမေးနီးယား၊ ဆွစ်ဇာလန်၊ ဆားဘီးယား၊ ချက်၊ အီတလီ၊ ဆလိုဗေးနီးယားနဲ့ ခရိုအေးရှားအသင်းတို့ ဖြစ်ပါတယ်။

ဟာလန်း၊ အိုဒီဂတ်တို့လို ပရီးမီးယားလိဂ် နာမည်ကြီး ကစားသမားအချို့ပါဝင်တဲ့ နော်ဝေနဲ့ လင်ဒီလော့ဖ် ဦးဆောင်တဲ့ ဆွီဒင်အသင်းတို့ကတော့ ပလေးအော့ဖ်တောင် ယှဉ်ပြိုင်ခွင့် မရခဲ့ဘဲ ခြေစစ်ပွဲ အဆင့်နဲ့သာ ကျေနပ် ခဲ့ရတာပါ။ 

လက်ကျန် ၃ နေရာအတွက် အသင်း ၁၂ သင်း ယှဉ်ပြိုင်ရမယ့် ပလေးအော့ဖ် အဆင့်မှာလည်း နာမည်ကြီး ကစားသမားအချို့ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးနဲ့ ဝေးရဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

အသင်း ၁၂ သင်းကို Path A, B, C ဆိုပြီး ခွဲကာ လမ်းကြောင်းတစ်ခုစီမှာ ၁ သင်းထဲကသာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီး ကို ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။ 

ပလေးအော့ဖ် အဆင့်အတွက် မဲခွဲမှုတွေ ပြုလုပ်ခဲ့တာမှာ Path A က ပိုလန်နဲ့ အက်စ်တိုးနီးယား၊ ဝေးလ်စ်နဲ့ ဖင်လန်တို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့ ၂ သင်းဟာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

အီတလီအသင်းကို တွေ့ရစဉ်

Path B မှာ အစ္စရေးနဲ့ အိုက်စလန်၊ ဘော့စနီးယားနဲ့ ယူကရိန်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်း ၂ သင်း ဟာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာပါ။

Path C မှာတော့ ဂျော်ဂျီယာနဲ့ လူဇင်ဘတ်၊ ဂရိနဲ့ ကာဇက်စတန်တို့ တွေ့ဆုံနေကြပြီး အနိုင်ရတဲ့ ၂ သင်းဟာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ဒီခြေစစ်ပွဲတွေကို မတ်လမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပလေးအော့ဖ် ပွဲတွေပြီးမှသာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အသင်း ၂၄ သင်းစလုံးဟာ ရုပ်လုံးပေါ်လာမှာပါ။ UEFA ကတော့ ပလေးအော့ဖ် ပွဲစဉ်တွေ မယှဉ်ပြိုင်ရသေး ခင်မှာတင် မဲအိုး ၄ အိုးခွဲပြီး ခြေစစ်ပွဲတွေမှာ ရလဒ်ကောင်းခဲ့တဲ့ အသင်းတွေကို မဲအိုး ၁ ထဲမှာ ထည့်သွင်း ထားခဲ့တာ ဖြစ်ပါတယ်။

မဲအိုး ၁ မှာ အိမ်ရှင် ဂျာမနီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်အသင်းတို့ ကျရောက်နေခဲ့တာပါ။ 

ယူရို ၂၀၂၄ ပြိုင်၀င် အသင်းများစာရင်းကိုတွေ့ရစဉ်

မဲအိုး ၂ မှာတော့ ဟန်ဂေရီ၊ တူရကီ၊ ဩစတြီးယား၊ ရိုမေးနီးယား၊ ဒိန်းမတ်၊ အယ်လ်ဘေးနီးယားတို့ ကျရောက်နေခဲ့ ပြီး မဲအိုး ၃ မှာတော့ နယ်သာလန်၊ စကော့တလန်၊ ခရိုအေးရှား၊ ဆလိုဗေးနီးယား၊ ဆလိုဗတ်ကီးယားနဲ့ ချက်၊ မဲအိုး ၄ မှာ လက်ရှိချန်ပီယံ အီတလီ၊ ဆားဘီးယား၊ ဆွစ်ဇာလန်နဲ့ ပလေးအောဖ့်က အနိုင်ရမယ့် အသင်း ၃ သင်းတို့ ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲရဲ့ အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၂ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဘယ်အသင်းတွေက အုပ်စုကျပ်ထဲ ကျရောက် သွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် လူစိတ်ဝင်စားမှု အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးကိုတော့ ဇွန် ၁၄ ရက် ကနေ ဇူလိုင် ၁၄ ရက်အထိ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။