CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၈

အန်သိုနီဂျိုရွာရဲ့ ပွဲစီစဉ်သူ အက်ဒီဟန်းက တိုင်ဆန်ဗျူရီက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်သမားပဲလို့ ပြောလိုက် ပါတယ်။

အက်ဒီဟန်းက “ အခုအချိန်မှာ ခင်ဗျား ကျနော့်ကို ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်က ဘယ်သူလဲလို့မေးရင် တိုင်ဆန်ဗျူရီပဲလို့ ပြောရမှာပါ။ ဒါကို ပြောရတာ နာကျင်ပေမယ့် ဒါက အဖြစ်မှန်ပါ”လို့ Happy Hour Podcast ကို ပြောခဲ့တာပါ။

တိုင်ဆန်ဗျူရီဟာ ဧပြီလက နောက်ဆုံး ထိုးသတ်ခဲ့တဲ့ပွဲမှာ ဒီလီယန်ဝှိုက်ကို အနိုင်ရထားပြီး ကစားသမားဘဝက အနားယူပြီ လို့ ပြောထားခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန် ဟဲဗီးဝိတ် ချန်ပီယံနဲ့ ပတ်သက်ပြီး ကောလာဟာလ သတင်းတွေ ထွက်ပေါ်နေ ခဲ့ပါတယ်။

တိုင်ဆန်ဗျူရီဟာ အန်သိုနီဂျိုရွာနဲ့ အူဆက်ခ်တို့ ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ထိုးသတ်ပြီး အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် အဆုံးသတ်ဖို့ ပြောဆိုမှုတွေလည်း ရှိနေခဲ့ပါတယ်။

အက်ဒီဟန်းကိုတွေ့ရစဉ်(Sky Sport)

ဒါ့အပြင် တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရွာနဲ့ ဒီဇင်ဘာလထဲမှာ ထိုးသတ်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေခဲ့တာ ပါ။ ရှုံးပွဲမရှိ ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ရပ်တည်နေတဲ့ တိုင်ဆန်ဗျူရီဟာ သရုပ်ပြပွဲတွေ ထိုးသတ်ဖို့လည်း ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ သြဂုတ်လထဲ ထိုးသတ်မယ့် အန်သိုနီဂျိုရွာနဲ့ အူဆက်ခ်တို့ ပွဲပြီးရင်တော့ အခြေအနေတွေဟာ ပြောင်းလဲသွားဖို့ ရှိနေတာပါ။ သူတို့နှစ်ဦးဟာ အခုလ ၂၀ ရက် ဆော်ဒီနိုင်ငံမှာ မကျေပွဲအဖြစ် ထိုးသတ်မှာ ဖြစ်ပါတယ်။

နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ပွဲမှာ အူဆက်ခ်က အနိုင်ရပြီး WBA, IBF, WBO နဲ့ IBO ဟဲဗီးဝိတ်ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့် အန်သိုနီဂျိုရွာက ဒီပွဲမှာ အနိုင်ရပြီး ချန်ပီယံဆုတွေကို ပြန်လည် ရယူချင်နေတာ ဖြစ်ပါတယ်။

အက်ဒီဟန်းကတော့ သူ့ရဲ့ကစားသမားဖြစ်တဲ့ အန်သိုနီဂျိုရွာ အနေနဲ့ အူဆက်ခ်နဲ့ပွဲမှာ အနိုင်ရခဲ့ရင် ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်သမား ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

Source: The Sun