CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၈

WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီဟာ တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရွှာနဲ့ ထိုးသတ်ချင်နေပြီး သူ့ကို စာချုပ်ပေးပို့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

တိုင်ဆန်ဗျူရီက “ ပြီးခဲ့တဲ့ရက်အနည်းငယ်က ဝင်ဘာလေမှာထိုးသတ်ဖို့အတွက် အန်သိုနီဂျိုရွှာကို စာချုပ်မူကြမ်းပေးပို့ခဲ့ပါတယ်။ ဒါဟာ ကျနော်အပါအဝင် လူတိုင်းမြင်တွေ့ချင်ကြတဲ့ ထိုးသတ်ပွဲတစ်ခုပါ။ အန်သိုနီဂျိုရွှာရေ ကျနော်တို့ ကမ္ဘာကြီးကို သူတို့မြင်ချင်ကြတဲ့ အရာကိုပေးကြရအောင်ပါ”လို့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တာပါ။

အသက် ၃၄ နှစ်အရွယ်ရှိ တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ချီဆိုရာကို အနိုင်ရခဲ့တဲ့ ပွဲပြီးကတည်းက ပွဲထိုးသတ်ခဲ့ခြင်းမရှိပါဘူး။ တိုင်ဆန်ဗျူရီဟာ IBF,IBO,WBO နဲ့ WBA ချန်ပီယံ အူဆက်ခ်နဲ့ ၂၀၂၃ မှာ ပွဲထိုးသတ်ဖို့ ရှိခဲ့ပေမယ့် ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။ တိုင်ဆန်ဗျူရီနဲ့ အန်သိုနီဂျိုရွှာတို့ဟာ ပွဲဖြစ်မြောက်ဖို့အတွက် ဆွေးနွေးမှုတွေဟာ ကာလကြာရှည်ရှိခဲ့ပေမယ့် ဘယ်တော့မှ အကောင်အထည်မဖော်နိုင်ခဲ့တာပါ။

တိုင်ဆန်ဗျူရီနဲ့အန်သိုနီဂျိုရွှာ ကိုတွေ့ရစဉ်

တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလကလည်း အန်သိုနီဂျိုရွှာကို နောက်ဆုံးရက်သတ်မှတ်ပေးခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ပွဲပြီးသွားပြီလို့ ပြောခဲ့ဖူးပါတယ်။ အန်သိုနီဂျိုရွှာဟာ ဧပြီလ ၁ ရက်က ဖရန်ကလင်နဲ့ နောက်ဆုံးပွဲထိုးသတ်ထားပြီး နိုင်ပွဲရယူထားတာပါ။

တိုင်ဆန်ဗျူရီဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲပေါင်း ၃၄ ပွဲထိုးသတ်ထားခဲ့တာမှာ ၃၃ ပွဲအနိုင်ရပြီး ၁ ပွဲသရေကျကာ ရှုံးပွဲမရှိသေးတာဖြစ်ပြီး အန်သိုနီဂျိုရွှာကတော့ ပွဲပေါင်း ၂၈ ပွဲထိုးသတ်ထားတာမှာ ၂၅ ပွဲအနိုင်၊ ၃ ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Source: BBC