CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

WBC ဟဲဗီးဝိတ် လက်ဝှေ့ခါးပတ်အတွက် ‘ Battle of Britain’ ထိုးသတ်ပွဲအဖြစ် တိုင်ဆန်ဗျူရီရဲ့ လူသိရှင်ကြား စိန်ခေါ်မှုကို လက်ခံကြောင်း အန်သိုနီဂျိုရွှာက ပြောလိုက်ပါတယ်။

အန်သိုနီဂျိုရွှာဟာ ပြီးခဲ့တဲ့လက ဆော်ဒီမှာထိုးသတ်ခဲ့တဲ့ WBA, WBO, IBF နဲ့ IBO ချန်ပီယံခါးပတ် မကျေပွဲမှာ အူဆက်ခ်ကို ၂ ပွဲဆက်တိုက် အရေးနိမ့်ခဲ့တာပါ။

ဗြိတိန်နိုင်ငံသားဟာ အခုနှစ်မကုန်ခင် လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည် ဝင်ရောက်ချင်တယ်လို့ ပြောထားခဲ့ပါတယ်။ တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့ ဧပြီလက ထိုးသတ်ခဲ့တဲ့ ဒီလီယန်ဝှိုက်နဲ့ ပွဲအပြီးမှာ လက်ဝှေ့ ကစားသမားဘဝက အနား ယူပြီလို့ ကြေညာခဲ့ပေမယ့် အခု ထပ်မံထိုးသတ်ဦးမယ်လို့ ကြေညာခဲ့တာပါ။

တိုင်ဆန်ဗျူရီက “ လာမယ့်လ အနည်းငယ်အတွင်းမှာ ကျနော်ထိုးသတ်ဖို့ ရှိတယ်ဆိုတာ အားလုံးလည်း ကြားကြ မယ်လို့ ထင်ပါတယ်။ အန်သိုနီဂျိုရွှာရေ လာမယ့် လအနည်းငယ်အတွင်း WBC ဟဲဗီးဝိတ် ချန်ပီယံဆုအတွက် ငါ့ကို တိုက်ခိုက်ခွင့်ရမယ့် အခွင့်အရေး ပေးချင်ပါတယ်။ မင်းက ၁၂ ချီ ထိုးသတ်တဲ့ ပွဲကနေ ဆင်းလာတာဆိုတော့ ဒီပွဲက မင်းအတွက် ကိုက်ညီမှုရှိပြီး မင်း အဆင်သင့် ဖြစ်နေမှာပါ”လို့ ပြောခဲ့တာကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ဗွီဒီယိုဖိုင် တင်ခဲ့တာ ဖြစ်ပါတယ်။

တိုင်ဆန်ဗျူရီကိုတွေ့ရစဉ် (Reuters)

အူဆက်ခ်ဟာ အန်သိုနီဂျိုရွှာကို အနိုင်ရပြီးနောက် သူထိုးသတ်ချင်တဲ့ တစ်ပွဲတည်းသော ပွဲစဉ်က တိုင်ဆန်ဗျူရီနဲ့ ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် သူဟာ အနားယူချင်ပြီး မိသားစုကို အချိန်ပေးချင်တာကြောင့် အခုနှစ် ထဲမှာ ဘယ်ပွဲမှ ထိုးသတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

တိုင်ဆန်ဗျူရီက “အန်သိုနီဂျိုရွှာရေ မင်းစိတ်ဝင်စားရင် မင်းကိုငါ ရက်ချိန်းပြန်ပေးလိုက်ပါတယ်။ ဒီပွဲဟာ WBC ဟဲဗီးဝိတ် ချန်ပီယံဆုအတွက် ဗြိတိန်ထိုးသတ်မယ့်ပွဲပါ။ မင်းစိတ်ဝင်စားရင် ငါ့ကို အကြောင်းကြားပါ။ မဟုတ်ဘူး ဆိုရင်တော့ တခြားပြိုင်ဘက်ကို ငါရွေးချယ်ရလိမ့်မယ်”လို့ ပြောခဲ့တာပါ။

အန်သိုနီဂျိုရွှာကလည်း အဆင်သင့်ပဲလို့ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။


အန်သိုနီဂျိုရွှာက “ ကျနော်အွန်လိုင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ မဟုတ်ပါဘူး။ ခင်ဗျား တကယ်ပြောတာ ဆိုရင် ကျနော်ရဲ့ စီမံခန့်ခွဲမှုကုမ္ပဏီကို လှမ်းပြီးအော်ပြောလိုက်ပါ။ ကျနော်ကတော့ ဒီဇင်ဘာမှာ အဆင်သင့်ဖြစ်နေ ပါမယ်” လို့ အင်စတာဂရမ် စတိုရီမှာ ရေးသားခဲ့ပါတယ်။