CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇

အန်သိုနီဂျိုရွှာနဲ့ ပွဲကိုဖြစ်မြောက်ဖို့ သူသတ်မှတ်ထားတဲ့ရက် ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် ဒီဇင်ဘာလမှာ ထိုးသတ်မယ့်ပွဲ မဖြစ်မြောက်တော့ဘူးလို့ တိုင်ဆန်ဗျူရီက ပြောလိုက်ပါတယ်။

တိုင်ဆန်ဗျူရီက “ဒါက တရားဝင်ပါ။ D-day က ပြီးဆုံးသွားပါပြီ။ တနင်္လာနေ့ ၅ နာရီကျော်သွားပြီ ဖြစ်ပေမယ့် အခုအချိန်ထိ စာချုပ်မှာ လက်မှတ် မထိုးရသေးပါဘူး။ ဂျိုရွှာအတွက် ဒီပွဲက တရားဝင် ပြီးသွားပါပြီ။ ဒီပွဲကို မေ့ လိုက်ပါတော့။ မင်းအနေနဲ့ ငါ့ကို ထိုးသတ်ချင်စိတ် မရှိဘူးဆိုတာ အမြဲတမ်းသိပါတယ်။ အခု မင်းဘယ်လိုပဲ ပြောပြော ငါဂရုစိုက်မှာ မဟုတ်ဘူး။ မင်းရဲ့ ကစားသမားဘဝနဲ့ မင်းရဲ့ ဘဝမှာ ကံကောင်းမှုတွေ ရပါစေ။ အခု ပြီးဆုံးသွားပါပြီ”လို့ အင်စတာဂရမ်မှာ ပြောခဲ့တာပါ။

WBC ချန်ပီယံ တိုင်ဆန်ဗျူရီဟာ သူတို့ ထိုးသတ်မယ့် ပွဲအတွက် တနင်္လာနေ့ နောက်ဆုံး လက်မှတ်ထိုးဖို့ အန်သိုနီဂျိုရွှာကို ပြောခဲ့တာ ဖြစ်ပါတယ်။

တိုင်ဆန်ဗျူရီနဲ့ မန်နူရယ်လ်ချား

အန်သိုနီဂျိုရွှာရဲ့ ပွဲစီစဉ်သူ အက်ဒီဟန်းက သူတို့ဟာ စာချုပ်ထဲမှာ လက်မှတ်ထိုးဖို့ အခွင့်အရေး မရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ တိုင်ဆန်ဗျူရီဟာ အန်သိုနီဂျိုရွှာနဲ့ ပွဲမဖြစ်ခဲ့ပေမယ့် နောက်ထပ် ထိုးသတ်မယ့် ပြိုင်ဘက်ကို အတည်ပြု ကြေညာသွားခဲ့ပါတယ်။

ဗြိတိန်ဟဲဗီးဝိတ် ချန်ပီယံဟာ မန်နူရယ်လ်ချားနဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ မန်နူရယ်လ်ချားဟာ တိုင်ဆန်ဗျူရီရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး ထိုးသတ်သွားဖို့ အဆင်သင့်ပဲလို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။

ဂျာမန် ဟဲဗီးဝိတ်သမားဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၃၇ ပွဲ ထိုးသတ်ထားခဲ့တာမှာ ၃၃ ပွဲ အနိုင်ရခဲ့ပြီး ၄ ပွဲ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။

မန်နူရယ်လ်ချားဟာ အခုနှစ် မေလထဲမှာ မီလာဆစ်နဲ့ နောက်ဆုံးပွဲ ထိုးသတ်ထားပြီး အနိုင်ရရှိထားတာပါ။ တိုင်ဆန်ဗျူရီဟာ ဧပြီလက ထိုးသတ်ခဲ့တဲ့ ဒီလီယန်ဝှိုက်နဲ့ ပွဲအပြီးမှာ လက်ဝှေ့သမားဘဝက အနားယူကြောင်း ကြေညာခဲ့ပေမယ့် ဆုံးဖြတ်ချက်ပြန်ပြင်ပြီး လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်မှာ ဖြစ်ပါတယ်။

Source: BBC/The Sun