CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈

မက်ဆီဟာ အာဂျင်တီးနားအသင်းက ဂျမေကာအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ၂ ဂိုးသွင်းယူပြီး နောက် ၂၀၂၂ ခုနှစ်ထဲမှာ လက်ရွေးစင်အသင်းအတွက် ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီခြေစမ်းပွဲမှာ အသင်းခေါင်းဆောင် မက်ဆီဟာ ပွဲချိန် ၅၆ မိနစ်အရောက်မှ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။ဒါပေမယ့် မက်ဆီဟာ ပွဲချိန် ၈၆ မိနစ်နဲ့ ၈၉ မိနစ်မှာ အာဂျင်တီးနားအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဖွင့်ဂိုးကိုတော့ အယ်လ်ဗား ရတ်စ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။မက်ဆီဟာ ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တာကြောင့် အခုနှစ်ထဲမှာ လက်ရွေးစင်အသင်းအတွက် ၁၀ ဂိုးအထိသွင်းယူ ထားနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာ အာဂျင်တီးနားအတွက် ပွဲပေါင်း ၁၆၄ ပွဲကစားအပြီးမှာ သွင်းဂိုး ၉၀ အထိ သွင်းယူထားနိုင်ခဲ့ပြီး နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားစာရင်းရဲ့ တတိယနေရာကို ရောက်ရှိ လာခဲ့ပါတယ်။သူ့ရဲ့ အထက်မှာ အီရန်ဂန္တဝင် အလီဒါယီနဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုတို့သာ ရှိတော့ တာပါ။ဒီပွဲမှာ ပရိသတ်တချို့ဟာ မက်ဆီနဲ့ ဓါတ်ပုံရိုက်ဖို့နဲ့ လက်မှတ်ရယူဖို့အတွက် ကွင်းထဲ ပြေးဝင်လာ ခဲ့တာကြောင့် လုံခြုံရေးတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရတာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းကတော့ ဂျမေကာနဲ့ပွဲမှာ အနိုင်ရပြီးနောက် နိုင်ငံတကာပြိုင်ပွဲ ၃၅ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။အာဂျင်တီးနားအသင်းဟာ နိုင်ငံတကာပြိုင်ပွဲရှုံးပွဲမရှိ အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ အီတလီရဲ့ပွဲအရေအတွက်ကို လိုက်မှီဖို့ ၂ ပွဲသာ လိုတော့တာပါ။ အာဂျင်တီးနားအသင်းဟာ အခုအချိန်မှာ အကောင်းဆုံးပုံစံရနေပြီး မကြာသေးခင်က ကိုပါအမေရိက ဖလားနဲ့ Finalissima ဆုဖလားတို့ကို ရယူထားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် နိုဝင်ဘာလ ၁၆ ရက် မှာ ယူအေအီးအသင်းနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။ဒီပွဲပြီးရင်တော့ ကမ္ဘာ့ဖလားပွဲစဉ်တွေအဖြစ် ဆော်ဒီ၊ မက္ကဆီကို၊ ပိုလန်တို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source:AP