CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်တာကြောင့် ဒဏ်ရာကြံခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေရှိလာခဲ့တယ်လို့ သိရပါတယ်။

မက်ဆီဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ခြေစွမ်းပြသနေပြီး ခရိုအေးရှားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီကနေ အဖွင့်ဂိုး သွင်းယူပေးခဲ့တာပါ။ဒါပေမယ့် မက်ဆီ ဟာ ပွဲပြီးဆုံးကာနီးအချိန်တွေမှာ တံကောက်ကြောဒဏ်ရာရရှိနေပုံကို ပြသခဲ့တာကြောင့် စိုးရိမ်စရာတွေ မြင့်တက် လာခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနားသတင်းအေဂျင်စီ Clarin က မက်ဆီဟာ ဒဏ်ရာပြဿနာမရှိဘဲ ပြင်သစ်နဲ့ ကစားရမယ့် ဗိုလ်လုပွဲမှာ ပါဝင်နိုင်မယ်လို့ ဖော်ပြထားတာပါ။

ဒါပေမယ့် တနင်္ဂနွေနေ့ပွဲအတွက် လေ့ကျင့်မှုတွေပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အာဂျင်တီးနားအသင်းမှာ မက်ဆီ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။သတင်းအချို့မှာတော့ မက်ဆီဟာ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို လုပ်ဆောင် နေတဲ့အတွက် အသင်းသားတွေနဲ့ မပူးပေါင်းနိုင်ခဲ့တာလို့ ဖော်ပြခဲ့ကြတာပါ။မက်ဆီဟာ သောကြာနေ့မှာ ပြုလုပ် မယ့် လေ့ကျင့်ခန်းအစီအစဉ်မှာတော့ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ပီအက်စ်ဂျီတိုက်စစ်မှူးဟာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်ခဲ့တာမှာ အဓိကခြေစွမ်းပြသခဲ့တာဖြစ်ပြီး ၅ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးထားတာပါ။

ဒါ့အပြင် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်ရယူထားပြီး လာမယ့် ပြင်သစ်နဲ့ ဗိုလ်လုပွဲဟာ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပွဲစဉ်ဖြစ်တယ်လို့လည်း မက်ဆီက အတည်ပြုထားတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဒီမာရီယာနဲ့ ဂိုမတ်ဇ်တို့ရဲ့ ကြံခိုင်မှုပိုင်းနဲ့ ပတ်သက်ပြီး အနည်းငယ်စိုးရိမ်ရတာကြောင့် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ကစားသမားဘ၀က အနားယူသွားပြီဖြစ်တဲ့ အဂွေရိုလည်း ဝင်ရောက်ကူညီပေးနေတာပါ။အဂွေရိုဟာ ကိုပါအမေရိကဖလားရတုန်းက အာဂျင်တီးနားအသင်းလူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် ကစားသမားဘ၀က အနားယူသွားခဲ့တာဖြစ်ပါတယ်။

Source:DailyMail