CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလားချန်ပီယံဆုဟာ သူ့ရဲ့ဘ၀မှာ အလိုချင်ဆုံးဆုဖလား ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
မက်ဆီက “ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခွင့်ရတာ တကယ်ကိုရူးသွပ်စရာပါပဲ။ဒါကို အရမ်းလိုချင်ခဲ့တာပါ။ ဒီ ဆုဖလား ကို ဘုရားသခင်က ကျနော့်ကိုပေးမယ်ဆိုတာ သိပါတယ်။ဒီလိုဖြစ်လိမ့်မယ်လို့လည်း ခံစားမိခဲ့ပါတယ်။အခုတော့ ခံစားခွင့်ရခဲ့ပြီး ဒီဆုဖလားကို ကြည့်ရတာ တကယ်ကိုလှပပါတယ်။ကမ္ဘာ့ဖလားက ကျနော်ဘ၀မှာ အလိုချင်ဆုံးဆု ဖလားပါ။ကလေးဘ၀ကတည်းက အိမ်မက်ပါ” လို့ ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းနဲ့ ပွဲချိန်အတွင်း ၂ ဂိုးစီသရေ၊ အချိန်ပိုမှာ ၃ ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပါတယ်။ပင်နယ်တီအဆုံးအဖြတ်မှာ ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ အာဂျင်တီးနား အတွက်တော့ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ဗိုလ်လုပွဲမှာ ၂ ဂိုးသွင်းပြီး ဒီပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးအထိရှိခဲ့ကာ ပြိုင်ပွဲတလျှောက်ပြသခဲ့တဲ့ ခြေစွမ်း တွေကြောင့် ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့တာပါ။မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဘောလုံးဆုကို ၂ ကြိမ်ရတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီဗိုလ်လုပွဲဟာ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပွဲ ဖြစ်တယ်လို့ ပြောထားပေမယ့် လက်ရွေးစင်အသင်းကနေ အနားယူမှာမဟုတ်သေးဘူးလို့ မက်ဆီက ပြောခဲ့ပါတယ်။
မက်ဆီက “ကျနော် အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူမှာ မဟုတ်သေးပါဘူး။ ချန်ပီယံတယောက် အနေနဲ့ ဆက်ပြီးကစားချင်သေးတယ်” လို့ TyC Sports ကို ပြောခဲ့တာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဆုကို ပြင်သစ်တိုက်စစ်မှူး ဘတ်ပီက ၈ ဂိုးနဲ့ ရရှိခဲ့ပြီး၊ ရွှေလက်အိတ်ဆုကို အာဂျင်တီးနားဂိုးသမား မာတီးနတ်စ်က ရရှိခဲ့ကာ အကောင်းဆုံးလူငယ်ကစားသမားဆုကို အာဂျင်တီးနားအသင်း က အန်ဇိုဖာနန်ဒက်စ်က ရရှိခဲ့တာဖြစ်ပါတယ်။
Source:Goal