CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉

အာဂျင်တီးနားအသင်း နည်းပြ စကာလိုနီက မက်ဆီအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ဆုံးဖြတ်ခဲ့ တယ်ဆိုရင် သူ့ရဲ့ ဂျာစီက အဆင်သင့် ဖြစ်နေမှာပဲလို့ ပြောလိုက်ပါတယ်။

စတာလိုနီက “ မက်ဆီအနေနဲ့ ကစားချင်တယ်လို့ ခံစားရရင်တော့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင် ထားတဲ့ နံပါတ် ၁၀ ဂျာစီကို ဆက်ပြီး ထားသင့်တယ်လို့ ထင်ပါတယ်။ သူ့ရဲ့ ကစားသမားဘဝနဲ့ သူလုပ်ချင်တဲ့ အရာမှန်သမျှကို လုပ်ပိုင်ခွင့် ရထားပါတယ်။ အသင်းဖော်တွေအတွက် သူပို့ဆောင်ပေးတဲ့ အရာတွေကလည်း မယုံနိုင်စရာပါပဲ။ အဝတ်လဲခန်းထဲမှာ ဒီလောက် ဩဇာကြီးမားတဲ့သူကို ကျနော်တစ်ခါမှ မတွေ့ဖူးပါဘူး”လို့ ပြောခဲ့တာပါ။

မက်ဆီဟာ ဒီပြိုင်ပွဲကြီး မစတင်ကတည်းကရော ဗိုလ်လုပွဲ မကစားခင်ကရော အခုကမ္ဘာ့ဖလားဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်တယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

 ကမ္ဘာ့ဖလားကို ကိုင်မြှောက်နေတဲ့ အာဂျင်တီးနားအသင်းကိုတွေ့ရစဉ်

ဒါပေမယ့် လက်ရွေးစင် အသင်းကနေ အနားမယူသေးတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ ပါဝင်နိုင်ဖို့ကို စကာလိုနီက မျှော်လင့်နေတာပါ။ အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ကာတာကမ္ဘာ့ဖလားမှာ ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့ပြီး သွင်းဂိုး ၇ ဂိုးအထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စကာလိုနီက “ ကျနော်တို့ ကိုပါအမေရိကဖလားမှာ ဘရာဇီးလ်အသင်းကို အနိုင်ရပြီး မက်ဆီနဲ့ စကားပြောဆိုမှု တွေ ရှိခဲ့ပါတယ်။ ကျနော်တို့ ရှေ့မှာ ကြီးမားတဲ့ တာဝန်တစ်ခု ရှိလာခဲ့ပြီး နိုင်ငံက လူတွေကလည်း ကမ္ဘာ့ဖလား အခွင့်အရေးကို စတင်ပြီး ယုံကြည်လာခဲ့ပါတယ်။ ပြီးတော့ ဖိအားတွေက တိုးလာခဲ့တာပေါ့။ မက်ဆီကတော့ ကျနော်တို့ ဆက်သွားရမယ်၊ တခြားဘာမှ အရေးမကြီးဘူးလို့ ပြောခဲ့တယ်။ ဒါက ကျနော့်အတွက် ကြီးမားတဲ့ စိတ်ဓါတ်ခွန်အားကို ရခဲ့ပါတယ်။ ကျနော်တို့ ကြီးမားတဲ့ အရာတစ်ခုကို ရဖို့ နီးလာပြီဆိုတာကို သဘောပေါက် ခဲ့ပါတယ်”လို့ ကိုပါအမေရိကပွဲက အဖြစ်အပျက်ကို ပြောခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ ၂၀၂၁ က ကိုပါအမေရိကဖလားကို ရခဲ့ပြီး ၂၀၂၂ အစပိုင်းမှာ Finalissima ဆုဖလားကို ရရှိခဲ့ပါတယ်။ အခုအကြိမ်မှာတော့ နှစ်ပေါင်း ၃၆ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၃ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: CNA