CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက အသင်းခေါင်းဆောင် မက်ဆီကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ကစားစေချင်တယ်လို့ ပြောလိုက်ပါတယ်။

စကာလိုနီက “ဒါဟာ သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားမဖြစ်လာဖို့ မျှော်လင့်ပါတယ်။သူဟာ ကွင်းထဲမှာ ပျော်ရွှင် နေသလို လူအများအပြားကိုလည်း ပျော်ရွှင်စေပါတယ်။ကျနော်တို့ဘက်က သူ့ကို ဂရုစိုက်ပြီး ဆက်ခေါ်ဆောင် သွားမယ်ဆိုရင် သူ့ဆီက ပွဲအများအပြားကို ဆက်ပြီး မြင်တွေ့ရမှာပါ။ဘောလုံးလောကကလည်း ဒီလိုပဲ တောင်းဆို နေကြတာပါ” လို့ CNN Radio ကို ပြောခဲ့တာပါ။

ကာတာကမ္ဘာ့ဖလားဟာ သူ့အတွက် ၅ ကြိမ်မြောက်ကမ္ဘာ့ဖလားနဲ့ နောက်ဆုံးကမ္ဘာ့ဖလား ဖြစ်တယ်လို့ မက်ဆီ ကိုယ်တိုင်က အတည်ပြုထားတာဖြစ်ပါတယ်။ဒါပေမယ့် နည်းပြ စကာလိုနီကတော့ မက်ဆီအနေနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး လက်ရွေးစင်အတွက် ဆက်ကစားဖို့ မျှော်လင့်နေတာပါ။လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းဟာ အကောင်းဆုံးပုံစံကို ရရှိနေပြီး ပြိုင်ပွဲစုံ ၃၅ ပွဲ ဆက်တိုက်ရှုံးပွဲမရှိဖြတ်သန်းနေတာ ဖြစ်ပါတယ်။

မက်ဆီဟာ လက်ရှိအချိန်မှာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် နောက်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲဆိုရင် အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။မက်ဆီဟာ ၂၀၁၆ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ချီလီအသင်းကို အရေးနိမ့်ပြီးနောက် လက်ရွေးစင်ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့သေးတာ ဖြစ်ပါတယ်။ အဲဒီတုန်းက အာဂျင်တီးနားအသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အပါအဝင် ဗိုလ်လုပွဲ ၄ ကြိမ် အရေးနိမ့် ခဲ့တာပါ။

ဒါပေမယ့် ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ဆုံးဖြတ်ချက်ပြန်ပြောင်းပြီး အာဂျင်တီးနားအတွက် ပါဝင်ကစားကာ ၂၀၂၁ ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။မက်ဆီဟာ ကစားသမားဘဝကို ပြီးပြည့်စုံဖို့အတွက် ကမ္ဘာ့ဖလားဆုဖလား ကိုင်မြှောက်နိုင်ဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး အခုနှစ်ပြိုင်ပွဲမှာ ရယူနိုင်ခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းနိုင်ဖွယ် မရှိတော့ပါဘူး။အာဂျင်တီးနားအသင်းဟာ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

တောင်အမေရိကနိုင်ငံဟာ အခုနှစ်ပြိုင်ပွဲရဲ့ အုပ်စု C မှာ ဆော်ဒီ၊ မက္ကဆီကို၊ ပိုလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၂ ရက်မှာ ဆော်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail