CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ဆက်ဆူအိုလိုအသင်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ပရော်ဖက်ရှင်နယ် မပီသတဲ့ အသင်း ကစားသမားတစ်ဦးကို ထွက်ခွာဖို့ ပြောလိုက်ပါတယ်။

မော်ရင်ဟိုက “ ကျနော်တို့ဟာ ခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ယူချင်တဲ့ အသင်းပါ။ ပရော်ဖက်ရှင်နယ် မဆန်တဲ့ ကစားသမားတစ်ဦးရဲ့ စိတ်နေ သဘောထားကြောင့် အသင်းရဲ့ ကြိုးစားအားထုတ်မှုကို သစ္စာဖောက်သလို ဖြစ်ရလို့ ကျနော် ဝမ်းနည်းမိပါတယ်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ် မဆန်တဲ့ စိတ်နေသဘောထားက အသင်းဖော်တွေအတွက် မျှတမှု မရှိပါဘူး။ ဒါက ကျနော့်ကို စိတ်ပျက်စေပါတယ်”လို့ DAZN ကို ပြောခဲ့ပါတယ်။

ဒီပွဲမှာ အေဘရာဟမ်က ပွဲချိန်မိနစ် ၈၀ မှာ ရိုးမားအတွက် ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့ပြီး ဒီဂိုးဟာ စက်တင်ဘာလ နောက်ပိုင်း သူ့ရဲ့ ပထမဆုံး လိဂ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ ပီနာမွန်တီက ဆက်ဆူအိုလိုအတွက် ချေပဂိုး သွင်းပေးခဲ့လို့ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါ တယ်။ ပရော်ဖက်ရှင်နယ် မပီသတဲ့ ကစားသမားရဲ့ အမည်ကိုတော့ မော်ရင်ဟိုက ထုတ်ဖော်ပြောဖို့ ငြင်းဆန် ခဲ့ပါတယ်။

 ရိုးမားကစားသမား တစ်ဦးကိုတွေ့ရစဉ် (Sports)

မော်ရင်ဟိုက “ ကျနော် ခင်ဗျားတို့ကို ပြောမှာ မဟုတ်ပါဘူး။ ကျနော့်ရဲ့ ကစားသမား ၁၆ ဦးအထိ ရှိခဲ့ပြီး ဒီထဲက ၁၅ ဦးရဲ့ စိတ်နေ သဘောထားကို ကျနော် သဘောကျပါတယ်။ ဇန်နဝါရီ ကျရင်တော့ အဆိုပါ ကစားသမားအနေ နဲ့ အခြားကလပ် တစ်သင်းကို ရှာဖွေဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

မော်ရင်ဟိုဟာ ဘယ်ကစားသမားကို ပြောနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မတိုင်ခင်မှာ သူ့ခံစားချက်တွေကို ချပြခဲ့တာ ဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ စီးရီးအေပွဲမှာ လာဇီယို အသင်းကို အရေးနိမ့်ခဲ့ပြီး ဒီပွဲမှာ သရေကျခဲ့တာကြောင့် ၂ ပွဲဆက်တိုက် ရမှတ်တွေ လျော့ကျခဲ့တာပါ။

ရိုးမားအသင်းဟာ ဒီပွဲရလဒ်ကြောင့် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် စီးရီးအေ နောက်ဆုံးပွဲစဉ်အဖြစ် တိုရီနိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal