CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဘိုလီးဗီးယားအသင်းကို အနိုင်ရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲစဉ်မှာ မက်ဆီဟာ ကစားဖို့ အဆင်သင့်မဖြစ်ခဲ့တဲ့အတွက် အသုံးမပြုခဲ့တာလို့ ပြောလိုက် ပါတယ်။

စကာလိုနီက “မက်ဆီဟာ ကစားဖို့အဆင်သင့်မဖြစ်သေးပါဘူး။ မနေ့ကတုန်းက သူအနည်းငယ်လှုပ်ရှားဖို့ ကြိုးစားခဲ့ပေမယ့် သူအဆင်မပြေသလိုခံစားခဲ့ရပါတယ်။ အဲဒါကြောင့် ကျနော်တို့သူ့ကို မစွန့်စားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်တဲ့အတွက် အရန်ခုံကနေ သူလူစားဝင်ကစားမယ်ဆိုရင်တောင် ဒဏ်ရာရ သွားနိုင်မယ့် အခြေအနေမှာရှိနေပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အာဂျင်တီးနားအသင်းက ဘိုလီးဗီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီဟာ အရန်လူစာရင်းမှာ တောင် မပါဝင်ခဲ့ပါဘူး။ မက်ဆီဟာ ပြီးခဲ့တဲ့ အီကွေဒေါအသင်းနဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပေမယ့် သူ့ကို လူစားလဲပေးဖို့ နည်းပြကို တောင်းဆိုခဲ့တာပါ။ အီကွေဒေါအသင်းနဲ့ ပွဲအပြီးမှာ မက်ဆီက သူဟာ အနည်းငယ်ပင်ပန်းနေပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီမပါဝင်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်၊တာဂလီယာဖီဂိုနဲ့ နီကိုလက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။ ဒီပွဲမှာဝါရင့်ကစားသမား ဒီမာရီယာက အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ခြေစွမ်းပြသသွားကာ နိုင်ငံရဲ့အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့် မေဂျာလိဂ်ပွဲစဉ်ဖြစ်တဲ့ အတ္တလန်တာ အသင်းနဲ့ ကစားမယ့်ပွဲမှာတော့ အင်တာမိုင်ယာမီအသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိနေတာပါ။ မက်ဆီဟာ အင်တာ မိုင်ယာမီအသင်းအတွက် ပါဝင်ကစားထားတဲ့ ၁၁ ပွဲမှာ ၁၁ ဂိုးသွင်းယူထားပြီး အသင်းကို မေဂျာလိဂ် ပလေးအော့ဖ် အဆင့် ဝင်ခွင့်ရရှိအောင်လုပ်ပေးနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Source:ESPN