CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က နောက်ခံလူ မက်ဂွဲယားအပေါ်ပြုမူဆက်ဆံနေတဲ့ ပုံစံတွေအပေါ် ရှုတ်ချလိုက်ပြီး ယူနိုက်တက်နောက်ခံလူရင်ဆိုင်နေရတဲ့ဝေဖန်မှုတွေက ဟာသပဲလို့ ပြောလိုက်ပါတယ်။

ဆောက်ဂိတ်က “ဒီလိုပုံစံနဲ့ ကစားသမားတစ်ဦးအပေါ် ပြုမူဆက်ဆံနေတာကို ကျနော်တစ်ခါမှ မသိခဲ့ဖူးပါဘူး။ ကျနော်တို့အတွက် ဆယ်စုနှစ်အတွင်း ဒုတိယအောင်မြင်မှုအရှိဆုံးအင်္ဂလန်အသင်းမှာ သူဟာ တကယ်ကို အားထားရတဲ့သူပါ။ သူက ကျနော်တို့ရဲ့ အဓိကအစိတ်အပိုင်းလည်းဖြစ်ခဲ့ပါတယ်။ ကျနော်တို့မှာ ရှိတဲ့ စီနီယာ ကစားသမားတွေရဲ့ အရေးပါမှုကို ပြောခဲ့ပြီးပြီဖြစ်ပြီး သူဟာ ဒီထဲမှာပါဝင်ပါတယ်။ ကွင်းထဲမှာ ရှိတဲ့အချိန်တိုင်း သူ့ရဲ့ခံနိုင်ရည်ဟာမယုံနိုင်လောက်အောင်ပါပဲ။ သူက ထိပ်တန်းကစားသမားဖြစ်ပြီး ကျနော်တို့အားလုံး သူနဲ့ အတူရှိပါတယ်” လို့ ပြောခဲ့တာပါ။

မက်ဂွဲယားဟာ အင်္ဂလန်ကစားသမားဘ၀ ပွဲပေါင်း ၅၉ ပွဲမြောက်အဖြစ် စကော့တလန်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းက စကော့တလန်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဂွဲယားဟာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် လှောင်ပြောင်မှုတွေခံခဲ့ရတာပါ။ မက်ဂွဲယားဟာ ကလပ်နဲ့ နိုင်ငံအသင်းမှာ မကြာခဏဆိုသလို အမှားအယွင်းတွေပြုလုပ်လေ့ရှိတဲ့အတွက် လှောင်ပြောင်မှုတွေ ခံနေရတာဖြစ်ပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိ မက်ဂွဲယားဟာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိအောင် ကူညီပေးခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန် နေရတာပါ။ မက်ဂွဲယားဟာ အခုနှစ်ဘောလုံးရာသီ မစတင်ခင်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို စွန့်လွှတ် ခဲ့ရသလို ရောင်းချခံရဖို့အထိ ရှိခဲ့ပေမယ့် နောက်တန်းကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် ယူနိုက်တက် အသင်းမှာ ဆက်ပြီးရှိနေခဲ့တာဖြစ်ပါတယ်။

မက်ဂွဲယားဟာ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းအစမှ လူစားလဲဝင်ရောက်လာပြီး ပွဲချိန် ၆၇ မိနစ်မှာ ကိုယ့်ဂိုးကိုယ် မသွင်းယူခင် စကော့တလန်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။ 

ဆောက်ဂိတ်က “စကော့တလန်ပရိသတ်တွေရဲ့အမြင်ကနေ ကျနော်နားလည်ပါတယ်။ ဒီလိုလုပ်တာက ဟာသတစ်ခုပါပဲ။ စကော့တလန်ပရိသတ်တွေတင်မဟုတ်ပါဘူး။ ပွဲအစီအစဉ်တင်ဆက်သူတွေနဲ့ ဝေဖန်သုံးသပ်သူ တွေလည်း ဒီလိုပဲလုပ်နေကြတာပါ။ မက်ဂွဲယားကတော့ ဝေဖန်မှုတွေကို အကောင်းဆုံးပဲတုံ့ပြန်သွားခဲ့ပါတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။

၂၀၁၇ မှာ အင်္ဂလန်အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဂွဲယားဟာ နိုင်ငံအသင်းအတွက် ၅၉ ပွဲပါဝင်ကစား အပြီးမှာ ၇ ဂိုးသွင်းယူထားပါတယ်။

Source:BBC