CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄

ယူနိုက်တက်ဂိုးသမား ဒီဂီယာက မန်စီးတီးအသင်းကို အနိုင်ယူနိုင်တယ်ဆိုတာ ပြသထားပြီးသားလို့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းနဲ့ တွေ့ဆုံရမယ့်အပေါ် ပြောလိုက်ပါတယ်။

ဒီဂီယာက “ဗိုလ်လုပွဲမှာ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲကြီး ပွဲကောင်းဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။ဒါပေမယ့် ကျနော်တို့က သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတာကို ပြသထားပြီးသားပါ။အခုအချိန်မှာ ကျနော်တို့ဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်အောင် အရင်ဆုံးလုပ်ဆောင်ပြီး ဗိုလ်လုပွဲမှာ အရာအားလုံးကို ပေးသွားမယ်” လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန်အတွင်းရော အချိန်ပိုမှာပါ ဂိုးမရှိ သရေကျနေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး ယူနိုက်တက်က ၇ ဂိုး- ၆ ဂိုးနဲ့ အနိုင်ရကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီမှာ ပြည်တွင်းဖလား ၁ လုံးဖြစ်တဲ့ ကာရာဘောင်းဖလားကို ရရှိထားပြီး နောက်ထပ်ပြည်တွင်းဖလား ၁ လုံးဖြစ်တဲ့ အက်ဖ်အေဖလားကို ရယူနိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့တာပါ။ မန်စီးတီးကတော့ အခုနှစ်ရာသီမှာ ဆုဖလား ၃ လုံးရယူနိုင်ဖို့ အိပ်မက်မက်နေတာဖြစ်ပြီး ယူနိုက်တက် အသင်းအနေနဲ့ ဒါကို ရပ်တန့်အောင်လုပ်သွားမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ယူနိုက်တက်ပရိသတ်တွေရဲ့ခံစားချက်ကို ကျနော်နားလည်ပါတယ်။ ဒီလိုမျိုးဖြစ်အောင် လုပ်ပေးဖို့အတွက်လည်း ကျနော်တို့မှာရှိတဲ့ အရာအားလုံးကို ပေးသွားမှာပါ။ကျနော်တို့ဟာ မန်စီးတီးအသင်းကို အိုးထရက်ဖိုဒ့်မှာ အနိုင်ရအောင် ကစားနိုင်တဲ့ သက်သေရှိပါတယ်။ဗိုလ်လုပွဲမှာလည်း ကျနော်တို့ ဒီလိုမျိုးပဲ ထပ်ပြီး လုပ်ဆောင်သွားဦးမှာပါ။အခုတော့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်နိုင်အောင် အာရုံစိုက်ရမယ်” လို့ ပြောခဲ့ပါတယ်။

မန်စီးတီးနဲ့ ယူနိုက်တက်အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်ရှိခဲ့ပြီး အီးတီ ဟတ်ကွင်းမှာ မန်စီးတီးအသင်းက ၆ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရခဲ့ကာ၊ အိုးထရက်ဖိုဒ့်မှာ ယူနိုက်တက်က ၂ ဂိုး - ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အခုလာမယ့် ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးက အာဆင်နယ်၊ ယူနိုက်တက်က စပါးအသင်းတို့နဲ့ ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source : DailyMail