CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁

ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ သူ့ရဲ့အသင်းဟာ လမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းနေတယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

အဲရစ်တန်ဟတ်က “ဒီကလပ်နဲ့ ပတ်သက်တဲ့သူတိုင်းဟာ နေ့တိုင်းလိုလို ဖိအားတွေရှိနေပါတယ်။ ဒါပေမယ့် ဒီလိုတောင်းဆိုမှုတွေ၊ စံချိန်စံညွှန်းတွေက ကျနော်တို့ အမြဲတမ်းထိပ်တိုက်တွေ့ဆုံနေရမယ့် စိန်ခေါ်မှုတွေပါ။ ဒါက ကျနော်တို့ အားလုံးမျှော်လင့်ထားတဲ့ ရာသီအစမဟုတ်သေးပေမယ့် လမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်မယ် ဆိုတဲ့ ယုံကြည်မှုရှိပါတယ်။ ကစားသမားတွေကို ကျနော်ယုံကြည်မှုရှိပြီး ခက်ခဲတဲ့ ရာသီအစအပြီးမှာ ကျနော်တို့ တိုးတက်လာမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲကစားအပြီးမှာ ရှုံးပွဲ ၅ ပွဲအထိ ကြုံတွေ့ထားခဲ့သလို ပြိုင်ပွဲစုံ ရှုံးပွဲက ၇ ပွဲအထိရှိလာခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ မန်စီးတီး အသင်းနဲ့ ပွဲအပြီးမှာ သူ့ရဲ့ နည်းဗျူဟာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရသလို ကစားသမားတွေကလည်း စွမ်းဆောင်ရည်ပိုင်းအားနည်းခဲ့လို့ ဝေဖန်သုံးသပ်သူတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာပါ။ 

ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ယူနိုက်တက်အသင်းဟာ နိုဝင်ဘာ ၂ ရက် မနက်ပိုင်းမှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ အဲရစ်တန်ဟတ်က နယူးကာဆယ်အသင်းကို ထပ်ပြီး အနိုင်ယူကာ ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ဒီဆုဖလားကို ကိုင်မြှောက်ရတာ ဘယ်လောက်ကောင်းလဲဆိုတာကို သိတဲ့အတွက် လက်ရှိ ချန်ပီယံအသင်းအနေနဲ့ ဒီရာသီ ဝင်ဘာလေကွင်းကို ပြန်လာပြီး ကာရာဘောင်ဖလားကို ကာကွယ်ချင်ပါတယ်။ ဒါက ဖလားပွဲဖြစ်တဲ့အတွက် ကောင်းမွန်စွာမလုပ်နိုင်ရင် ဒုတိယအခွင့်အရေးမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ 

Source:DailyMail