CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက လက်ရှိအသင်းဟာ ၂၀၁၄ ဗိုလ်လုပွဲရောက်ခဲ့တုန်းကအသင်းနဲ့ များစွာတူညီမှုရှိတယ်လို့ ပြောလိုက်ပါတယ်။

မက်ဆီက “၂၀၁၄ ကမ္ဘာ့ဖလားမှာ ကျနော်တို့ အလွန်ကောင်းမွန်ခဲ့ပြီး မမေ့နိုင်စရာအတွေ့အကြုံလည်းဖြစ်ခဲ့ပါ တယ်။ဒါကို ကျနော်အလွန်နှစ်သက်ပြီး အဓိကနဲ့ အရေးကြီးဆုံးအရာကတော့ ခိုင်ခိုင်မာမာနဲ့ စည်းလုံညီညွှတ်တဲ့ အသင်းအဖွဲ့ဖြစ်ဖို့ဆိုတာ အရင်ကထက်ပိုပြီး ရှင်းရှင်းလင်းလင်းသိလာပါတယ်။ဒါက ခင်ဗျားကို အရေးကြီးတဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်ပို့ဆောင်ပေးပါတယ်။ဒီနေ့မှာတော့ လက်ရှိအသင်းနဲ့ ၂၀၁၄ က အသင်းတို့ကြား မှာ များစွာတူညီမှုရှိတယ်လို့ ခံစားရကြောင်း” Ole ကို ပြောခဲ့တာပါ။

မက်ဆီဟာ အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ဦးဆောင်မှာဖြစ်ပြီး အသင်းကလည်း ပြိုင်ပွဲ မတိုင်ခင်ကတည်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်နေခဲ့ပါတယ်။မက်ဆီဟာ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားနဲ့အတူ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပြီး ချန်ပီယံဆုရယူဖို့ နီးစပ်ခဲ့တာပါ။ ဒါပေမယ့် ဂျာမနီအသင်းကို ဂေါ့ဇီရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အရေးနိမ့်ပြီး ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ဒီရာသီမှာ ပုံစံကောင်းတွေပြသနေပြီး ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၁၂ ဂိုးသွင်းယူကာ ၁၄ ဂိုး ဖန်တီးထားတာပါ။မက်ဆီကတော့ ဒီကမ္ဘာ့ဖလားဟာ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲလို့ ဝန်ခံထားပြီး ကစားသမားဘ၀ ပထမဆုံးအကြိမ် ဒီဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ စိတ်ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၈၆ က မက္ကဆီကိုမှာ နောက်ဆုံးရယူထားတာကြောင့် ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

တောင်အမေရိကအသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၃၅ ပွဲဆက်ရှုံးပွဲမရှိဖြတ်သန်းနေပြီး အီတလီရဲ့ ၃၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ကျော်ဖြတ်နိုင်ဖို့လည်း နီးစပ်နေတာဖြစ်ပါတယ်။အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၂ ရက်မှာ ဆော်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal