CNI International News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဖူလ်ဟမ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ ကမ္ဘာ့ဖလား အကြောင်းပြချက်ပေးတာကို လက်ခံမှာမဟုတ်ဘူးလို့ ရော်နယ်ဒို အပါအဝင် အသင်းသားတွေကို သတိပေး လိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ဖူလ်ဟမ်နဲ့ ပွဲရဲ့ အရေးပါမှုကို ကစားသမားတွေအားလုံး သိရှိနားလည်ထား ပါတယ်။ ကမ္ဘာ့ဖလားကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။ ကျနော်တို့ အကောင်းဆုံးအသင်းနဲ့ ကစားမှာပါ။ တနင်္ဂနွေနေ့အထိ ယူနိုက်တက်ကိုပဲ စိတ်ဝင်စားရမယ်။ ယူနိုက်တက်အတွက်ပဲ ဖြစ်ရမယ်”လို့ ပြောခဲ့တာပါ။


ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဗီလာနဲ့ ကာရာဘောင်း ဖလားပွဲစဉ်မှာ ဖျားနာနေတာကြောင့် မပါဝင် နိုင်ခဲ့ပေမယ့် ဒီပွဲရဲ့ နာရီပိုင်းအကြာမှာ ထုတ်ပြန်တဲ့ ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အဲရစ်တန်ဟတ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် လက်ရွေးစင်အသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်တာထက် ဖူလ်ဟမ်နဲ့ပွဲကို ပိုပြီး အာရုံစိုက် စေချင်နေတာပါ။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်အသင်းကိုတွေ့ရစဉ် (Manchester United)

ဖူလ်ဟမ်နဲ့ ပွဲမှာ ရော်နယ်ဒို အဆင်သင့် ဖြစ်မလားလို့ မေးခဲ့တာမှာ “ ဒီပွဲအတွက် သူ အဆင်သင့်ဖြစ်မလား ဆိုတာ ကျနော် အာမ မခံနိုင်ပါဘူး။ သူက ဗီလာနဲ့ ပွဲတုန်းက သူဖျားနေခဲ့တာပါ။ ဒါဟာ ပြန်ကောင်းလာ နိုင်ပါ တယ်။ ရက်ပေါင်း ဒါမှမဟုတ် ရက်သတ္တပတ် ပေါင်းများစွာကြာပြီး ပြင်းထန်တဲ့ ရောဂါမျိုး မဟုတ်ပါ ဘူး”လို့ အဲရစ်တန်ဟတ်က ဖြေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ တစ်ပတ်သာ လိုတော့တာကြောင့် ကစားသမားတွေဟာ ကလပ် အသင်းပွဲတွေမှာ ဒဏ်ရာရမှာကို ရှောင်ရှားလိုနေကြပြီး လက်ရွေးစင် အသင်းအတွက် အပြည့်အဝ ယှဉ်ပြိုင် ချင်နေကြတာပါ။

ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမား အများစုကလည်း လက်ရွေးစင် အသင်းတွေမှာ ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗီလာအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ကြားရက်က ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဗီလာအသင်းကို ပြန်လည် အနိုင်ရရှိခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၃ မှတ်အကွာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည် နေပါတယ်။

Source: The Sun