CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ရော်နယ်ဒိုကို လူစားလဲ အသုံးမပြုတာက သူ့ရဲ့ ကစားသမားဘဝကို လေးစားလို့ပါလို့ ပြောပါတယ်။

အဲရစ်တန်ဟတ်က “ရော်နယ်ဒိုကို ကျနော် အသုံးမပြုတာက သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝကို လေးစားလို့ပါ။ မာရှယ်ကို ထည့်သွင်းခဲ့တာက သူဟာ ကစားဖို့ မိနစ်တွေ လိုအပ်နေသလို သူဟာ အခြားအရာ တွေကိုလည်း ယူဆောင်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ကျနော် မညွှန်းဆိုချင်ပါဘူး”လို့ ရော်နယ်ဒိုကို အသုံး မပြုခဲ့တဲ့အပေါ် မေးမြန်းမှုကို ဖြေသွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘရန်ဖို့ဒ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ကလွဲပြီး ကျန်တဲ့ပွဲတွေ မှာ လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရပြီး မန်ချက်စတာဒါဘီပွဲစဉ်မှာ ပါဝင်ခွင့်တောင် မရခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ မန်စီးတီးအသင်းကို ၆ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး ဖိုဒန်နဲ့ ဟာလန်းက မန်စီးတီးအတွက် ဟတ်ထရစ် သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ဂိုးတွေကို လူစားဝင်လာတဲ့ မာရှယ်က ၂ ဂိုးနဲ့ အန်သိုနီက ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်း (Manchester Evening News)

ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကတော့ အသင်းဟာ ရော်နယ်ဒိုအပေါ်မှာ လေးစားမှု မရှိဘူး လို့ ပြောသွားခဲ့ပါတယ်။

“ယူနိုက်တက်အသင်းက ရော်နယ်ဒိုအပေါ်မှာ လေးစားမှုမရှိကြောင်း ပြသနေတယ်လို့ ကျနော်ထင်ပါတယ်။ ယူနိုက်တက် အနေနဲ့ အပြောင်းအရွှေ့ မပိတ်ခင်အချိန်မှာ သူ့ကို ထွက်ခွာခွင့် ပေးလိုက်သင့်ပါတယ်။ ရော်နယ်ဒို ဟာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူ့ကို ရက်သတ္တပတ်တိုင်း အရန်ခုံမှာ ထိုင်ခိုင်းနေတာက ရုပ်ဆိုးပါတယ်”လို့ Sky Sports ကို ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ထွက်ခွာခွင့် တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်အသင်းက မရောင်းချခဲ့တာကြောင့် အသင်းမှာ ဆက်လက်ရှိနေခဲ့တာပါ။

ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ဒီရာသီ ရှရစ်ဖ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာသာ ယူနိုက်တက်အသင်း အတွက် ၁ ဂိုး သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ကြားရက်မှာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် အိုမိုနီယာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော်နယ်ဒို ပွဲထွက် ပါဝင်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

Source: Goal/ Metro