CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

ယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်ထဲမှာ ဘာစီလိုနာ အသင်းနဲ့ ယူရိုပါလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ဖို့ ရှိနေသလို နယူးကာဆယ် အသင်းနဲ့လည်း ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိ နေတဲ့အချိန်မှာပဲ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်နဲ့ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်တို့ဟာ စားသောက် ဆိုင် တစ်ဆိုင်မှာ တွေ့ဆုံခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ ချက်ရှိုင်းယားရှိ အီတလီစားသောက်ဆိုင် စီဘိုမှာ ညစာစားရင်း စကားစမြည် ပြောနေတဲ့ပုံကို မြင်တွေ့ခဲ့ရတာပါ။

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်နည်းပြဘဝ သူ့ရဲ့ ပထမဆုံးရာသီမှာ ဆုဖလားတွေ ရယူနိုင်ဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။

ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တုန်းက ၁၉၉၉ ခုနှစ်မှာ တစ်ရာသီအတွင်းမှာ ဆုဖလား ၃ လုံး ရယူနိုင်အောင် ကိုင်တွယ်နိုင်ခဲ့တာကြောင့် ဒတ်ချ်လူမျိုးနည်းပြဟာ ဒီတွေ့ဆုံမှုကနေ အကြံဉာဏ်တွေ ရယူနေပါတယ်။

ယူနိုက်တက်နဲ့ ဘာစီလိုနာ ယှဉ်ပြိုင်နေစဉ်

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကစားဖို့ ရှိနေပြီး ၂၀၁၇ နောက်ပိုင်း ဆုဖလားလက်မဲ့ ဖြစ်နေတာကို အဆုံးသတ်ဖို့ မျှော်လင့်နေတာပါ။

ဒီပွဲ မတိုင်ခင်မှာတော့ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၂ ဂိုးစီ သရေကျခဲ့တာပါ။

ဖာဂူဆန်ဟာ ၂၀၀၈ တုန်းက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရအောင် ကစားခဲ့ပြီး ယူနိုက်တက်အသင်းကို ဗိုလ်လုပွဲ တက်နိုင်အောင် ကိုင်တွယ် ပေးနိုင်ခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့တာပါ။ ဖာဂူဆန်ဟာ အရင်က ယူနိုက်တက်ပွဲတွေကို အိမ်ကွင်းပွဲတွေသာ လာရောက် ကြည့်ရှုတာ များပေမယ့် အခုဆို အဝေးကွင်းပွဲတွေပါ ကြည့်ရှုတာကို မြင်တွေ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီမှာ ကာရာဘောင်းဖလား၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် ဆုဖလား ရယူနိုင် ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ပြိုင်ပွဲတိုင်းကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားဖို့ ပြောထားပါတယ်။

ယူနိုက်တက်အသင်းဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၇ ပွဲဆက် ရှုံးပွဲမရှိဘဲ ၁၅ ပွဲ အနိုင်ရရှိကာ ၂ ပွဲ သရေကျထားတာ ဖြစ်ပါတယ်။

Source: Daily Mail