CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပေါ်တူဂီကို ပြန်လာဖို့အတွက် အသင်းဟောင်း စပို့တင်း လစ္စဘွန်းအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတာကို ငြင်းဆိုလိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အခုနွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာချင်နေပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှုကို ရှာဖွေရခက်ခဲနေတာပါ။Sport TV ပေါ်တူဂီက ရော်နယ်ဒိုရဲ့ကားဟာ လစ္စဘွန်းရှိ စပို့တင်း အားကစားကွင်းမှာ ရပ်နားထားခဲ့ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်ဟာ ကလပ်အသင်းအကြီးအကဲတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ပေါ်တူဂီကစားသမားကတော့ ဒီထင်ကြေးတွေဟာ အမှားတွေသာ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စပို့တင်းအသင်းမှာ အစပြုခဲ့ပြီး ယူနိုက်တက်ထံ ပြောင်းရွှေ့ သွားခဲ့တာဖြစ်ပါတယ်။စပို့တင်းအသင်းဟာ ရော်နယ်ဒိုကို အခုအပြောင်းအရွှေ့မှာ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စား နေပေမယ့် ကစားသမားကတော့ ပြန်လာဖို့ မရှိပါဘူး။

ရော်နယ်ဒိုဟာ ကစားသမားဘ၀ ကုန်ဆုံးဖို့ နီးကပ်လာပြီ ဖြစ်တာကြောင့် ဆုဖလားနဲ့အောင်မြင်မှုတွေ ရယူနိုင်မယ့်အသင်းကို ပြောင်းရွှေ့ချင်နေပြီး အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်ကလည်း ရှာဖွေပေးနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးအသင်းတို့ကတော့ ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ ပြောထားခဲ့ပါတယ်။

ပေါ်တူဂီကစားသမားကတော့ ယူနိုက်တက် ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး အခုအချိန်ထိ အသင်းနဲ့ လေ့ကျင့်မှုလာရောက်ပြုလုပ်ခြင်း မရှိသေးပါဘူး။ မန်ချက်စတာကလပ်နဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ကတော့ စာချူပ်သက်တမ်းရှိနေတဲ့ ရော်နယ်ဒိုကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ဂျူဗင်တပ်စ်ကနေ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး မနှစ်ကရာသီမှာ ၂၄ ဂိုးသွင်းယူနိုင်ခဲ့ကာ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် အသင်းဟာ ယူရိုပါလိဂ်သာ ဝင်ခွင့်ရခဲ့ပြီး ဆုဖလားအောင်မြင်မှုရဖို့ လုံလောက်တဲ့ အခြေအနေမှာ မရှိဘူးလို့ ရော်နယ်ဒိုကယူဆကာ ထွက်ခွာခွင့်တောင်းဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြသစ် အဲရစ်တန်ဟတ်လက်ထက်မှာ အသင်းအောင်မြင်မှု ရယူနိုင်ဖို့အတွက် အခုအပြောင်းအရွှေ့မှာ ကစားသမား ၃ ဦးအထိ ခေါ်ယူပေးထားခဲ့ပါတယ်။

သူတို့တွေကတော့ မာလာစီယာ၊ အဲရစ်ဆန်နဲ့ လီဆန်ဒရိုမာတီးနတ်စ်တို့ဖြစ်ပြီး ဒီဂျောင်အပါအဝင် နောက်ထပ်ကစားသမား အချို့ကိုလည်း ခေါ်ယူပေးနိုင်ဖို့ ကလပ်အသင်းဘက်က လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Source:Metro