CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၈

မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုနှစ်ရာသီကို ဖလားလက်မဲ့နဲ့ ကုန်ဆုံးမှာဖြစ်တာကြောင့် ရော်နယ်ဒို ဟာ အပိုဆုကြေး ပေါင်(၅)သန်းရမှာ မဟုတ်တော့ဘူးလို့ metro သတင်းက ဖော်ပြလိုက်ပါတယ်။

ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီက ဂျုဗင်တပ်စ် ကနေ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းကို ပေါင်(၁၂)သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ရုန်းကန်နေရပေမယ့် ရော်နယ်ဒိုဟာ ပွဲပေါင်း(၃၃)ပွဲ ပါဝင်ကစားထားပြီး (၁၈)ဂိုး သွင်းယူထားတာပါ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီ ဖလားရယူနိုင်စရာပြိုင်ပွဲတွေဖြစ်တဲ့ အက်ဖ်အေဖလား၊ ကာရာ ဘောင်းနဲ့ ချန်ပီယံလိဂ်တို့ကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဂျုဗင်တပ်စ် အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၇)သိန်းဝန်းကျင်ရရှိခဲ့ပေမယ့် လုပ်ခလစာကြီးကြီး မားမား လျှော့ချပြီး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ဆုဖလားတွေရယူနိုင်ခဲ့မယ်ဆိုရင် ရော်နယ်ဒို ဟာ အပိုဆုကြေးအများအပြားကို ရရှိမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့ရင် ရော်နယ်ဒိုဟာ အပိုဆုကြေး (၂.၅)သန်း ရရှိမှာပါ။

(၂၀၁၃)နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် ပေါင်(၁.၅)သန်းနဲ့ ပြည်တွင်းဖလား တွေကို ရခဲ့ရင် ပေါင်(၁)သန်းကို ရော်နယ်ဒို ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းဟာ (၅)ရာသီဆက် ဆုဖလား လက်မဲ့ရာသီကို ဖြတ်သန်းရမှာဖြစ်တာကြောင့် ရော်နယ်ဒို ဟာ အပိုဆုကြေးပေါင်(၅)သန်း ဆုံးရှုံးသွားခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင်တော့ ရော်နယ်ဒိုအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တွေထပ်မံရှိနေတာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ အခုနှစ်ရာသီအကုန်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စဉ်းစားနိုင်ဖွယ်ရှိနေကာ အသင်းသာ ပရီးမီးယားလိဂ်ထိပ်ဆုံး(၄)သင်းထဲ မဝင်ခဲ့ရင် ထွက်ခွာသွားဖွယ်ရှိနေတာပါ။ပေါ်တူဂီ အသင်းခေါင်းဆောင် ဟာ လက်ရှိအချိန်မှာ နိုင်ငံအသင်းနဲ့အတူ ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ အာရုံစိုက် နေတာဖြစ်ပါတယ်။

Source:Metro