CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၉

ရော်နယ်ဒိုဟာ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ သားဖြစ်သူဘက်ကနေ ကာကွယ်မှု ပြုလုပ် သွားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူ ဒိုလာရတ်စ် ဟာ မြေးဖြစ်သူ ဂျုနီယာနဲ့ အတူတွဲရိုက်ထားတဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့တာပါ။ ဒီအချိန်မှာ ရော်နယ်ဒိုရဲ့ အကြီးဆုံးသားဖြစ်သူ ဂျုနီယာ ဟာ Adidas နဲ့ Nike တံဆိပ်ပါ အဝတ် အစားတွေကို ဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ Nike နဲ့ ကြီးမားတဲ့ စပွန်ဆာ စာချုပ်ချုပ်ဆို ထားသူလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် အမှတ်တံဆိပ်(၂)ခုကို ရောနှောဝတ်ဆင်ခဲ့တဲ့ ဂျုနီယာ ကို ဝေဖန်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားကတော့ ဒီအချိန်မှာ သားဖြစ်သူဘက်ကနေ ကာကွယ်တဲ့ မှတ်ချက် စကားကို ရေးသားလာခဲ့တာပါ။ ရော်နယ်ဒို ဟာ သူ့သားအပေါ်ဝေဖန်တဲ့ မှတ်ချက်တွေကြောင့် မပျော်မရွှင် ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ ရော်နယ်ဒို က “သူကြိုက်တာသူဝတ်မှာပေါ့၊ ခင်ဗျားတို့ ဝတ်ချင်တဲ့အရာတွေကို သူလိုက်ဝတ်နေရမှာလား”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ စပို့တင်းလစ္စဘွန်း ကနေ မန်ချက်စတာယူနိုက်တက် ကို ရောက်ရှိတဲ့ ပထမနှစ် (၂၀၀၃)မှာပဲ Nike နဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုခဲ့တာပါ။ ဘောလွန်းဒီအောဆု(၅)ကြိမ် ရရှိထားတဲ့ ရော်နယ်ဒို ဟာ အဲ့ဒီကတည်းက အဆိုပါကုမ္ပဏီရဲ့မျက်နှာစာ ဖြစ်လာခဲ့ပြီး (၂၀၁၆)မှာ ကာလကြာရှည် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီစာချုပ်ဟာ တစ်သက်တာ သဘောတူညီမှုအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး စုစုပေါင်း ပေါင်သန်း(၇၈၀) တန် ကြေးရှိတယ်လို့ သိရပါတယ်။

ရော်နယ်ဒို ဟာ မကြာသေးခင်ကလည်း အသင်းဖော်ဟောင်း ဝိန်းရွန်နီ နဲ့ အပြန်အလှန်တုံ့ပြန်မှုတွေရှိခဲ့တာပါ။ ပြီးခဲ့တဲ့ နွေရာသီကမှ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ အသင်းအတွက် (၃၂)ပွဲပါဝင် ကစားထားပြီး (၁၈)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Source:Goal