CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၅

ရော်နယ်ဒို ဟာ အသင်းနဲ့အတူ အောင်မြင်မှုတွေရယူချင်လို့ နွေရာသီက ပြန်လည်ပြောင်းရွှေ့လာခဲ့ပေမယ့် အသင်း ဖော်ဟောင်း ဝိန်းရွန်နီ ကတော့ သူ့ကို ခေါ်ယူခဲ့တာဟာ အသင်းအတွက်အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောခဲ့တာ ဖြစ်ပါ တယ်။

အသက်(၃၇)နှစ်အရွယ်ရှိ ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက်(၃၂)ပွဲပါဝင် ကစားထားပြီး (၁၈)ဂိုးသွင်းယူထားတာဖြစ်ပေမယ့် ပွဲကစားနေချိန်အတွင်းမှာ သူ့ရဲ့စွမ်းဆောင်မှုတွေကြောင့် ကြီးမားတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဝိန်းရွန်နီ က အသင်းဟောင်းအနေနဲ့ လူငယ်တွေနဲ့ အောင်မြင်မှုကို ဆာလောင်နေတဲ့ ကစားသမားတွေဘက်ကိုသာ အာရုံစိုက်ဖို့လိုတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ရော်နယ်ဒို ကို ခေါ်ယူခဲ့တာဟာ ယူနိုက်တက် အတွက် အလုပ်ဖြစ်လားလို့မေးမြန်းခဲ့ရာမှာ ဝိန်းရွန်နီ က “အခု အချိန်မှာတော့ အလုပ်မဖြစ်ဘူးလို့ပဲ ပြောရမှာပါ။ ကျနော်ထင်ပါတယ် သူဟာ ဂိုးတွေအများကြီး သွင်းယူခဲ့တယ်။ အခုနှစ်အစောပိုင်း ချန်ပီယံလိဂ်ပွဲမှာလည်း အရေးပါတဲ့ ဂိုးတွေသွင်းယူနိုင်ခဲ့တယ်။ စပါးနဲ့ပွဲမှာလည်း ဟတ်ထရစ် သွင်းယူနိုင်ခဲ့တယ်။ ဒါပေမယ့် လာမယ့် (၂)နှစ်၊(၃)နှစ်အတွင်းမှာ ကလပ်ရဲ့အနာဂတ်ကို ပြန်ကြည့်မယ်ဆိုရင် အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့အတွက် လူငယ်တွေ၊အောင်မြင်မှုကို ဆာလောင်တဲ့ ကစားသမားတွေနဲ့ပဲ သွားဖို့ လိုမယ်လို့ထင်ကြောင်း” ပြောခဲ့ပါတယ်။

ဒါ့အပြင် ဝိန်းရွန်နီ က “ရော်နယ်ဒို ဟာ အသက်(၂၀)အရွယ်တုန်းက ကစားခဲ့တဲ့ ကစားသမားမျိုး မဟုတ်တော့ ပါဘူး။ ဘောလုံးမှာ ဒါတွေက ဖြစ်တတ်ပါတယ်။ သူဟာ ဂိုးပေါက်ခြိမ်းခြောက်နိုင်ပေမယ့် ကျန်တဲ့အပိုင်းတွေမှာ အသင်းအနေနဲ့အများကြီးပိုလိုအပ်ပါတယ်။ သူတို့အနေနဲ့ လူငယ်တွေလိုအပ်သလို အောင်မြင်မှုကို ဆာလောင်တဲ့ ကစားသမားတွေလိုအပ်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝိန်းရွန်နီ က အသင်းနဲ့ အခုရာသီအကုန်မှာ စာချုပ်ကုန်ဆုံးတော့မယ့် ပေါ့ဘာကိုလည်း အသင်းကနေ ထွက်သွားဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

“ပေါ့ဘာ ကို လက်လွှတ်လိုက်တာက ယူနိုက်တက်အတွက် အကောင်းဆုံး ဖြစ်မယ်လို့ထင်ပါတယ်။ သူဟာ ယူနိုက်တက်ကို ပြန်လာပြီးကတည်းက အကောင်းဆုံးမလုပ်နိုင်ဘူးဆိုတာ ရိုး သားစွာသိဖို့လိုပါတယ်။ သူဟာ ပြင်သစ်မှာ ကစားရင်တော့ ဒီမှာနဲ့ လုံးဝကွာခြားနေတာကို တွေ့ရပါတယ်။ သူဟာ ယူနိုက်တက်အတွက် အလုပ်မဖြစ်ပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၇)နေရာမှာ ရပ်တည်နေပြီး အဆင့်(၄)နေရာက စပါးအသင်းနဲ့ (၃)မှတ်ကွာဟနေတာဖြစ်ပါတယ်။

Source:Sportbible