CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၄

ရာမို့စ်ကတော့ ဒဏ်ရာကနေ သက်သာပြီးနောက် ပီအက်စ်ဂျီ ပရိသတ်တွေအတွက် ပထမဆုံး ပြန်ကစားနိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက (၁၆)နှစ်ကြာ ကစားခဲ့တဲ့ ရီးရယ်လ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ရာမို့စ်ဟာ ပီအက်စ်ဂျီ အသင်းကို (၂)နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ဒါပေမယ့် ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ဒီရာသီ အသင်း အတွက် ပြိုင်ပွဲစုံ(၅)ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့လက ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ပထမဆုံး ကစားခဲ့တဲ့ပွဲမှာ မက်ဆီနဲ့ နေမာတို့ဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာပါ။

ပီအက်စ်ဂျီ ပရိသတ်တွေဟာ လော်ရီးယန့် အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရာမို့စ်ကို ဧည့်ခံရာမှာ မကျေမနပ် ဖြစ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိခဲ့ရတာ ဖြစ်ပါတယ်။ ရာမို့စ်ဟာ ဒီပွဲစဉ်ပြီးဆုံးဖို့ ၁၈ မိနစ်သာ လိုတော့တဲ့ အချိန် မာကွင်ဟိုရဲ့နေရာမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။

ရာမို့စ်ကို တွေ့ရစဉ်(Site Webb)

ပီအက်စ်ဂျီ ပရိသတ်တွေဟာ ရာမို့စ်ကွင်းထဲကို ဝင်ရောက်လာတာနဲ့ ကျယ်လောင်စွာ လှောင်ပြောင် အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ပရိသတ်တွေဟာ ရာမို့စ် ဘောလုံးထိတိုင်းကို အော်ဟစ်လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ရာမို့စ်ဟာ ခြေဖမိုး ကြွက်သားဒဏ်ရာကြောင့် ဇန်နဝါရီ ၂၃ ရက်ကတည်းက အနားယူနေခဲ့ရတာပါ။ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြရာထူးအတွက် အင်တာဗျူး ဖြေထားတယ်လို့ သတင်းထွက်နေတဲ့ ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနိုလည်း ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

လော်ရီးယန့်ကို အနိုင်ရတဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ဂိုးတွေကို နေမာနဲ့ ဘတ်ပီက ၂ ဂိုးစီနဲ့ မက်ဆီက ၁ ဂိုး သွင်းယူခဲ့တာပါ။ မက်ဆီ၊ နေမာနဲ့ဘတ်ပီတို့ဟာ ဒီရာသီ ပထမဆုံးအကြိမ် တစ်ပွဲတည်းမှာ ပီအက်စ်ဂျီ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီနိုင်ပွဲကြောင့် ပြင်သစ်လီဂူးဝမ်း ချန်ပီယံဆုကို ရယူနိုင်ဖို့ ပိုမိုနီးစပ်လာခဲ့ပြီး ဒုတိယနေရာက မာဆေးလ် အသင်းကို ၁၂ မှတ် ဖြတ်ထားတာ ဖြစ်ပါတယ်။

Source: Metro