CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

ပီအက်စ်ဂျီအသင်းနောက်ခံလူ ရာမို့စ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ဓါတ်ပုံဆရာတစ်ဦးကို တွန်းချခဲ့တာနဲ့ပတ်သက်ပြီး တောင်းပန်မှုပြုလုပ်တာကို ဓါတ်ပုံဆရာက လက်ခံပြီး ခွင့်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ရာမို့စ်ဟာ ဒီအရှုံးရလဒ်ကို စိတ်ပျက်နေပြီး ခံစားချက် တွေကို ဖုံးကွယ်နိုင်ခဲ့ခြင်းမရှိဘဲ ပွဲအပြီး အသင်းပရိသတ်တွေကို လက်ခုပ်တီးနှုတ်ဆက်နေချိန်မှာ ဓါတ်ပုံဆရာကို တွန်းချခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ရာမို့စ်ဟာ ဒီလုပ်ရပ်အတွက် ပြန်လည်တောင်းပန်မှုပြုလုပ်ခဲ့တာပါ။

ရာမို့စ်ရဲ့တောင်းပန်မှုကို ဓါတ်ပုံဆရာဖြစ်တဲ့ ဂီလီယာက လက်ခံခဲ့ပြီး ခွင့်လွှတ်ကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားတာဖြစ်ပါတယ်။ရာမို့စ်ကလည်း ဓါတ်ပုံဆရာကို ကျေးဇူးတင်တယ်ဆိုပြီး ပြန်တုန့်ပြန်ခဲ့တာပါ။

ဂီလီယာက “မနေ့က ရာမို့စ်ဟာ ကျနော့်ကို ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်မှုပြုလုပ်ခဲ့ပြီး သူ့ရဲ့အပြုအမူအတွက် တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။ဒီတောင်းပန်မှုကို ကျနော်လက်ခံခဲ့ပါတယ်။အခုတော့ ဒါကပြီးသွားပါပြီ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲဆက်အရေးနိမ့်ပြီး ရလဒ်တွေ ဆိုးနေခဲ့တာပါ။ပြင်သစ်ကလပ်ဟာ ၂၀၂၃ မှာ ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားထားအပြီးမှာ ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲရှုံး ရလဒ်ထိ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းဟာ ၂၀၂၂ တုန်းက ပြိုင်ပွဲစုံ ၄၆ ပွဲကစားထားပေမယ့် ၄ ပွဲသာရှုံးနိမ့်ခဲ့တာကြောင့် အခုနှစ်ထဲမှာ ရှုံးပွဲပိုပြီး ကြုံတွေ့နေတာပါ။

လီဂူးဝမ်းပြိုင်ပွဲမှာ ဒုတိယနေရာက မာဆေးလ်အသင်းကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့မှာ လိုင်လီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရှာဖွေနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Source:Goal