CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၄

အာဆီယံဖူဆယ်ပြိုင်ပွဲ အုပ်စု(B) ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဧပြီလ(၄)ရက်နေ့က မြန်မာအသင်းနဲ့ ဗီယက်နမ် အသင်းတို့ ကစားခဲ့တာမှာ တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဗီယက်နမ်အသင်းက ဦးဆောင်နေခဲ့တာဖြစ်ပြီး မြန်မာအသင်းအတွက် ချေပဂိုးကို ဒုတိယပိုင်းမှာ မျိုးမြင့်စိုးက ပြစ်ဒဏ်ဘောကတဆင့်သွင်းယူခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ နှစ်သင်းလုံးဂိုးထပ်မသွင်းနိုင်တော့တာ ကြောင့် သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ် အသင်းဟာ ပြီးခဲ့တဲ့ (၂၀၂၁) ဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၁၆)သင်းအဆင့်ထိ တက်နိုင်ခဲ့တာကြောင့် သရေရလဒ်ဟာ မြန်မာအသင်းအတွက် ရလဒ် ကောင်းဖြစ်ခဲ့တာပါ။

မြန်မာဖူဆယ် အသင်းနည်းပြချုပ် ဘန်လာ့တ်ချီယိုဝါရမ် က “ဒီပွဲရလဒ်နဲ့ပတ်သက်ပြီး ပျော်ရွှင်မိပါတယ်။ ကစား သမားတွေအနေနဲ့ ကျနော့်ရဲ့နည်းစနစ်ကို အကောင်းဆုံးလိုက်နာကစားနိုင်ခဲ့ပါတယ်။ ခံစစ်ကို ကောင်းမွန်စွာ ကစားနိုင်ခဲ့သလို ဂိုးလည်းသွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်ရပါတယ်”ဆိုပြီး ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို မျိုးမြင့်စိုးက ရရှိသွားခဲ့တာပါ။ မြန်မာအသင်း ဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဧပြီလ(၅)ရက်မှာ သြစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ သြစတြေးလျ အသင်းကတော့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အရှေ့တီမောအသင်းနဲ့ ကစားခဲ့ရာ ၇ ဂိုး-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီ ပြိုင်ပွဲမှာ ထိပ်ဆုံးရတဲ့(၃)သင်းဟာ အခုနှစ်ထဲမှာ ကျင်းပမယ့် အာရှဖူဆယ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။

မြန်မာဖူဆယ် အသင်းဟာ အာဆီယံဖူဆယ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံးအဖြစ် (၂၀၁၆)က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အာရှဖူဆယ်ပြိုင်ပွဲကို (၂၀၁၈) က တစ်ကြိမ်တည်းသာ ဝင်ရောက် ယှဉ်ပြိုင်ဖူးပြီး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။