CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၄

နယ်သာလန် လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဗန်ဟားလ် ဟာ ဆီးကျိတ်ကင်ဆာ ခံစားနေရပြီး ကုသမှုခံယူနေရတယ်လို့ ပြောလိုက်ပါတယ်။

တနင်္ဂနွေနေ့ က ဒတ်ချ်တီဗွီနဲ့ တွေ့ဆုံရာမှာ ဗန်ဟားလ် က ထုတ်ဖော်ပြောခဲ့တာပါ။ ဒတ်ချ်လူမျိုးနည်းပြ ဟာ ပြီးခဲ့တဲ့အပတ်က လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ဒီသတင်းကို သူ့ရဲ့ကစားသမားတွေကို မပြောခဲ့တာ ဖြစ်ပါတယ်။

ဗန်ဟားလ် က “ကျနော့် ကစားသမားတွေကို မပြောပြခဲ့ပါဘူး။ ဒါက သူတို့ရဲ့စွမ်းဆောင်ရည်ကို လွှမ်းမိုးမှုရှိနိုင်တာကြောင့်ပါ”လို့ ပြောခဲ့တာပါ။ ဗန်ဟားလ် ဟာ (၂၀၁၄) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန် အသင်းကို တတိယနေရာရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဗန်ဟားလ် ဟာ ယူရို(၂၀၂၀) ပြိုင်ပွဲအပြီးမှာ နယ်သာလန် အသင်းကို တတိယအကြိမ်မြောက် ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တာပါ။

ဗန်ဟားလ် က “လက်ရွေးစင် အသင်းကို ကိုင်တွယ်နေချိန်မှာ ကစားသမားတွေမသိအောင် ညဘက်ဆို ဆေးရုံပြဖို့ ထွက်သွားရပါတယ်။ သူတို့ ကတော့ ကျနော့်ကို ကျန်းမာနေတယ်လို့ ထင်နေပေမယ့် တကယ်တော့ မဟုတ်ပါဘူး” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဗန်ဟားလ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို (၂)ရာသီကြာ ကိုင်တွယ်ခဲ့ပြီး အက်ဖ်အေဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့တာပါ။ သူဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ AZ အယ်လ်ခမာနဲ့ အေဂျတ်စ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး အေဂျတ်စ်အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဗန်ဟားလ် ဟာ အဆိုပါကလပ်တွေနဲ့အတူ အမှတ်ပေးဖလား အများအပြားကို ရယူနိုင်ခဲ့တာပါ။

“ဆီးကျိတ်ကင်ဆာက အနည်းဆုံး(၉၀)ရာခိုင်နှုန်းလောက် မသေဆုံးနိုင်ပါဘူး။ ခင်ဗျားကို သေစေနိုင်တဲ့ တခြား နောက်ခံရောဂါတော့ ဖြစ်တတ်ပါတယ်။ အခုအချိန်ထိ ဓါတ်ရောင်ခြည်ကုသမှု (၂၅)ကြိမ် ပြုလုပ်ပြီးပါပြီ”လို့ ဗန်ဟားလ်က ပြောခဲ့ပါသေးတယ်။

နယ်သာလန်အသင်းဟာ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု(A)မှာ အိမ်ရှင် ကာတာ၊ဆီနီဂေါ၊အီကွေဒေါ တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

Source:BBC