CNI International News

သည်ဟိဂ် (THE HAGUE)၊ ဇူလိုင် ၁၀

ရွှေ့ပြောင်းအခြေချသူများ ပြဿနာကြောင့် နယ်သာလန်(ဒတ်ချ်)အစိုးရပြိုလဲ၍ ဒတ်ချ်ဝန်ကြီးချုပ် မာ့ခ်ရပ် (Mark Rutte) နုတ်ထွက်ပေးခဲ့ရသည်ဟု အေပီမှ ရေးသားဖော်ပြခဲ့သည်။

ဒတ်ချ်ဝန်ကြီးချုပ် မာ့ခ်ရပ် (Mark Rutte)သည် ဇူလိုင် ၈ ရက်နေ့က ဘုရင်မင်းမြတ်ကို သွားရောက်တွေ့ဆုံခဲ့ပြီး သူ၏ လေးပါတီညွန့်ပေါင်းအစိုးရ၏ နှုတ်ထွက်လွှာကို အပ်နှံကာ နက်နက်ရှိုင်းရှိုင်း ကွဲပြားနေသည့် နယ်သာလန် ကိုလည်း ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမည့် ရွေးကောက်ပွဲလမ်းကြောင်းပေါ် ရောက်ရှိသွားစေခဲ့သည်။ 

ဘုရင် ဝီလံအလက်ဇန္ဒားသည် ဂရိမိသားစု အပန်းဖြေခရီးမှာ ဒတ်ချ်ဝန်ကြီးချုပ် မာ့ခ်ရပ်နှင့် တွေ့ဆုံရန် ပြန်လာ ခဲ့ရာ မာ့ခ်ရပ်က သူ၏အစိုးရကို ပြိုလဲစေခဲ့သည့် နိုင်ငံရေး အကျပ်အတည်းကို ရှင်းပြ အစီအရင် ခံခဲ့သည်။ 

တွေ့ဆုံမှုမှာ တစ်နာရီကျော် ကြာမြင့်ခဲ့သော်လည်း မာ့ခ်ရပ်က သတင်းထောက်များ၏ မေးခွန်းများကို ဖြေဆိုရန် ငြင်းဆန်ခဲ့ပြီး ဘုရင်နှင့် နှစ်ကိုယ်ကြား စကားများသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဒတ်ချ်ဝန်ကြီးချုပ် မာ့ခ်ရပ်ကို တွေ့ရစဉ်

နှစ်ပေါင်းများစွာကြာအောင် ဥရောပတစ်လွှားမှ နိုင်ငံများကို ဒုက္ခရောက်စေခဲ့သည့် ရွှေ့ပြောင်းအခြေချ ပြဿနာ သည်ပင်လျှင် မာ့ခ်ရပ်၏ အစိုးရကို ပြိုလဲစေခဲ့သည့် နောက်ဆုံး ထိုးနှက်ချက် ဖြစ်သည်ဟု အေပီက ရေးသားခဲ့ သည်။

ရွှေ့ပြောင်းအခြေချ ပြဿနာအပေါ် လေးပါတီအတွင်း ကွဲလွဲမှုများကြောင့် ညွန့််ပေါင်းဖွဲ့မှုမှာလည်း မချောမမွေ့ ထစ်ငေါ့သွားခဲ့သည်။ 

လပေါင်း အတော်ကြာလိုသေးသည့် ရွေးကောက်ပွဲ အတွက်လည်း ရွှေ့ပြောင်း အခြေချပြဿနာက အဓိက မဲဆွယ်စရာ ဖြစ်လာလိမ့်မည်။ 

ဘုရင်ဝီလံအလက်ဇန္ဒားနဲ့ ဒတ်ချ်ဝန်ကြီးချုပ် မာ့ခ်ရပ်ကို တွေ့ရစဉ်

ရွှေ့ပြောင်းအခြေချ တိုက်ဖျက်ရေးပါတီ ခေါင်းဆောင် ဂီးရာ့ ဝီလ်ဒါး (Geert Wilders)က “ကျနော်တို့က ခိုလှုံခွင့် တောင်းခံသူ စီးကြောင်းကြီးကို ထိထိရောက်ရောက် ကန့်သတ်ပစ်မယ်လို့ လူများစုကြီးကို အာမခံနိုင်တဲ့ပါတီပါ”ဟု ပြောသည်။ 

သူသည်ပင် လွန်ခဲ့သော ၁၃ နှစ်က မာ့ခ်ရပ်၏ လူနည်းစု ညွန့်ပေါင်းအဖွဲ့ကို ထောက်ခံသူ ဖြစ်ခဲ့သော်လည်း နောက်ဆုံး အဖွဲ့ကို ဖြိုချသူလည်း ဖြစ်သည်။

Source: အေပီ