CNI International News
ဒါကာ၊ အောက်တိုဘာ ၃၀
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရသည် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) ၏ ပါတီဖြစ်သည့် Awami League ကို လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖွယ်ရှိနေ ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဟာစီနာသည် ဩဂုတ်လအတွင်း ရာထူးမှ နုတ်ထွက်ကာ နိုင်ငံအတွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ထို့ကြောင့် ဟာစီနာ၏ ၁၅ နှစ်ကြာ အာဏာသက်တမ်း အဆုံးသတ်သွားခဲ့ကာ အာဏာလေဟာနယ် တစ်ခု ဖြစ်ပွားလာခဲ့သည်။
လက်ရှိအချိန်တွင် ဟာစီနာ၏ Awami League ပါတီမှ ကျောင်းသားအဖွဲ့ခွဲဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ချဟာထရာ လိဂ် (BCL) အဖွဲ့ဝင်များသည် နိုင်ငံအတွင်း ပုန်းအောင်းတိမ်းရှောင်နေရသည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မူဟာမက် ယူနွတ်(Muhammad Yunus) ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကလည်း BCL အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြီး တားမြစ်ပိတ်ပင်ခဲ့သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မူဟာမက် ယူနွတ်ကို တွေ့ရစဉ်
ပြည်ထဲရေးဝန်ကြီးဌာနကမူ BLC သည် ပြီးခဲ့သည့် ၁၅ နှစ်တာကာလအတွင်း အကြမ်းဖက်မှု၊ နှောင့်ယှက်မှု၊ ပြည်သူ့အရင်းအမြစ်များကို ခေါင်းပုံဖြတ် အမြတ်ထုတ်မှု အပါအဝင် ကြီးလေးသည့် အမှုများ ကျူးလွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
BLC အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဘွဲ့ကြိုကျောင်းသားတစ်ဦးကမူ သူသည် သိပ်မကြာသေးခင်အချိန်က အစိုးရအဖွဲ့၏ အသံတစ်ခုဖြစ်ခဲ့သော်လည်း လက်ရှိတွင် ဝရမ်းပြေးတစ်ဦးကဲ့သို့ တိမ်းရှောင်နေရကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ချိန်အတွင်း ရဲတပ်ဖွဲ့၏ အင်အားသုံး ဖြိုခွင်းမှုကြောင့် သီတင်း ၃ ပတ်အတွင်း လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့သည်။
ထိုဖြစ်စဉ်သည် ဘင်္ဂလားဒေ့ရှ်သမိုင်းတွင် လူသေဆုံးမှု အများဆုံး ဖြစ်စဉ်များထဲ၌ ပါဝင်ခဲ့သည်။
Source: SCMP