CNI International News

ဒါကာ၊ ဇန်နဝါရီ ၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ(Sheikh Hasina)၏ အစိုးရအဖွဲ့ကို ပြုတ်ကျစေခဲ့သည့် ၂၀၂၄ ခုနှစ် လူထုအုံကြွမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးမှုများကို ဇန်နဝါရီ  ၂၂ ရက်၌ စတင်ပြီဖြစ်ကြောင်း CNA မှ ဖော်ပြခဲ့သည်။

နိုင်ငံမြောက်ပိုင်း ဆေးလက် (Sylhet) မြို့၏ လမ်းမများပေါ်တွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ(BNP)၏ ခေါင်းဆောင် တာရစ် ရာမန် (Tarique Rahman) ကို ထောက်ခံ အားပေးသူများက အလံများအား ဝှေ့ယမ်းကာ ၎င်း၏အမည်ကို အော်ဟစ်နှုတ်ဆက်ခဲ့ကြသည်။

BNP ပါတီကို ထောက်ခံသူများသည် ပြည်ပတွင် ၁၇ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလ၌ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည် ရောက်ရှိလာသည့် ရာမန်၏ ပိုစတာများအား ကိုင်ဆောင်ခဲ့ကြပြီး ၎င်းအား ထောက်ခံသည့် ဆောင်ပုဒ်များကို ဟစ်ကြွေးခဲ့ကြသည်။

အင်အားအကြီးဆုံး အစ္စလာမ္မစ်ပါတီဖြစ်သည့် ဂျမတ်-အီ-အစ္စလာမ်မီ (Jamaat-e-Islami) ပါတီသည်လည်း ဒါကာ မြို့တော်တွင် မဲဆွယ်စည်းရုံးမှုများကို စတင်ပြုလုပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီများ မဲဆွယ်နေကြစဉ်

လူဦးရေ သန်း ၁၇၀ ရှိသော ဘင်္ဂလားဒေ့ရှ်တွင် လွှတ်တော်ကိုယ်စားလှယ် ၃၅၀ ကို ရွေးချယ်တင်မြှောက်ရန် အတွက် ဖေဖော်ဝါရီ ၁၂ ရက်၌ မဲပေးမည်ဖြစ်သည်။

ဟာစီနာအစိုးရ ပြုတ်ကျပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီး ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ခေါင်းဆောင်မှုအသစ်ကို ဖော်ဆောင်ပေးလိမ့်မည်ဟု မျှော်လင့်ထားကြသလို ပြည်တွင်းနိုင်ငံရေး အခြေအနေနှင့် ဒေသတွင်း အင်အားချိန်ခွင်လျှာများကိုပါ ပုံဖော်ပြောင်းလဲနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆထားကြ သည်။

ဥရောပသမဂ္ဂ၏ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကလည်း ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသည် ၂၀၂၆ ခုနှစ်၏ အကြီးမားဆုံး ဒီမိုကရေစီ ဖြစ်စဉ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တာရစ်ဇီယာ (Tarique Zia) ဟု လူသိများသည့် အသက် ၆၀ အရွယ် ရာမန်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ကွယ်လွန်သွားခဲ့သော ၎င်း၏မိခင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ (Khaleda Zia) ထံမှ  BNP ပါတီ၏ ခေါင်းဆောင်မှုတာဝန်ကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

လူထုအုံကြွမှုကို ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်များ စုပေါင်းဖွဲ့စည်းထားသော နေရှင်နယ် စီတီဇင် ပါတီ (NCP) သည်လည်း ဂျမတ် (Jamaat) ပါတီနှင့် မဟာမိတ်ဖွဲ့ကာ ဒါကာမြို့တော်တွင် မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်ခဲ့သည်။

Source: CNA