CNI International News

ဒါကာ၊ ဇန်နဝါရီ ၂၁

၂၀၂၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheik Hasina) ကို ရာထူးမှ ဖြုတ်ချနိုင်ခဲ့သည့် လူထုဆန္ဒပြပွဲများ၏ အဓိက မောင်းနှင်အားဖြစ်သော ကျောင်းသားခေါင်းဆောင်များသည် လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးလောက၌ ဘေးဖယ်ခံနေရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ် တော်လှန်ရေးတွင် ကျောင်းသားခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အဓိကနေရာ၌ ပါဝင်ခဲ့ သော်လည်း ယခုအခါမှာတော့ နိုင်ငံရေးအရ ဘေးဖယ်ခံထားရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးလောက၌ အဓိက ဦးဆောင်သူအဖြစ် ပြန်လည် ပေါ်ထွက်လာသည့်  ဂျမတ် အီ အစ္စလာမစ် (Jamaat-e-Islami) ပါတီ ဦးဆောင်သော ရွေးကောက်ပွဲဆိုင်ရာ မဟာမိတ်အဖွဲ့သစ်၌ လူငယ် ခေါင်းဆောင်များအတွက် လွှတ်တော်အမတ်နေရာ အနည်းငယ်သာ ခွဲတမ်းရရှိခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ သဘောတူညီချက်အရ ကျောင်းသားများ ဦးဆောင်သည့် National Citizen Party (NCP) သည် မဟာမိတ်အဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် ၂၅၃ ခုအနက် နေရာ ၃၀ တွင်သာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

National Citizen Party (NCP) မှ လူငယ်တွေကို တွေ့ရစဉ်

သို့သော် ဂျမတ် (Jamaat) ပါတီ အတွက်မူ မဲဆန္ဒနယ် ၁၇၉ ခု အထိ ခွဲတမ်းရရှိထားသည်။

ထိုခွဲတမ်းအရ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပြီး နိုင်ငံကို အုပ်ချုပ်သည့် နေရာ၌ လူငယ် ခေါင်းဆောင်များ အနေဖြင့် မည်မျှအထိ သြဇာလွှမ်းမိုးမှု ရှိမည်နည်းဆိုသည့် အချက်အပေါ် မေးခွန်းများ ထွက်ပေါ် ခဲ့သည်။

မဲဆန္ဒရှင် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်မှာ အသက် ၁၈ နှစ်မှ ၃၇ နှစ်ကြား လူငယ်များဖြစ်သည်။

ထိုလူငယ်များ၏ ဆန္ဒမဲများသည် ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်သော အင်အားစုတစ်ခု ဖြစ်နေချိန်တွင် နိုင်ငံရေး အပြောင်းအလဲအတွက် မျှော်လင့်ချက်အဖြစ် ယူဆခံထားရသည့် လူငယ်ခေါင်းဆောင်များ ဘေးဖယ် ခံထားရခြင်းအပေါ် စိုးရိမ်မှုများလည်း မြင့်တက်လာစေခဲ့သည်။

Source: South China Morning Post