CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်း၏ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်တွင် ပါဝင်ရန် ထိုင်းနိုင်ငံကို ဖိတ်ကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုဖိတ်ကြားချက်ကို ထိုင်းအစိုးရက ပြန်လည်သုံးသပ်နေသည်။

အမေရိကန်၏ အစီအစဉ်တွင် ထိုင်းနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်မည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) တစ်ခု ထူထောင်ရန် အစီအစဉ်များ ပါဝင်ပြီး ထိုဖိတ်ကြားချက်၏ အနှစ်သာရနှင့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဂရုတစိုက် စဉ်းစားသုံးသပ်နေကြောင်း ထိုင်းအစိုးရ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် မူအားဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိစေရန်နှင့် ပါလက်စတိုင်းများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အထောက်အကူ ပြုနိုင်မည့် မည်သည့် လုပ်ဆောင်ချက်ကိုမဆို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

သို့သော် မည်သည့် လုပ်ငန်းစဉ်မဆို ပါလက်စတိုင်းများ၏ မျှော်မှန်းချက်များကို ထင်ဟပ်စေရမည်ဖြစ်ပြီး ဒေသတွင်း နိုင်ငံများ၏ ထောက်ခံမှုကိုလည်း ရရှိရန်လိုအပ်ကြောင်း ထိုင်းအစိုးရက အလေးပေး ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ အပြင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့်အညီ အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားမည့် “နှစ်ပြည်ထောင် မူဝါဒ” (Two-state solution) ကို ထောက်ခံသည့် ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။

Source: ဘန်ကောက်ပို့စ်