CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ဥရောပသမဂ္ဂ၏ အလယ်အလတ် အာဏာကို ချုပ်ကိုင်ဖို့အတွက် ကြိုးပမ်းမှုတစ်ခုလားဆိုကာ ကျွမ်းကျင်ပညာရှင်များက ထောက်ပြနေသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထရမ့်၏ ဂါဇာပြန်လည် ထူထောင်ရေး ကြီးကြပ်မှုဆိုင်ရာ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ဥရောပနိုင်ငံ အများစုက ငြင်းပယ်ခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုများကို အကြောင်းပြပြီး စဉ်းစားနေဆဲဖြစ်ကြောင်း ယဉ်ကျေးစွာ အကြောင်းပြန်ခဲ့ကြသည်။ 

ထရမ့်၏ ဖိတ်ကြားချက်ကို ဥရောပသမဂ္ဂ အတွင်းမှ ဟန်ဂေရီနှင့် ဘူလ်ဂေးရီးယား နိုင်ငံတို့ကသာ ပါဝင်ရန် လက်ခံခဲ့ကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

သို့သော် ထိုအခြေအနေသည် ၂၀၀၃ ခုနှစ်က သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် (George W Bush) ၏ အီရတ် ကျူးကျော်စစ်တွင် ပါဝင်ရန် တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဥရောပနိုင်ငံများကြား ပြသခဲ့သည့် စည်းလုံးမှု အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ်တွင် ဥရောပ၏ စည်းလုံးမှုသည် ပိုမိုကောင်းမွန်နေသည်။

အီရတ် ကျူးကျော်စစ်နှင့်ပတ်သက်ပြီး ပူးပေါင်းပါဝင်ရန် အမေရိကန်၏ တောင်းဆိုချက်ကို ထိုအချိန်က စပိန်၊ ဗြိတိန်၊ ပိုလန်၊ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံနှင့် စလိုဗက်ကီးယားတို့က သဘောတူခဲ့ကြသည်။

လက်ရှိတွင် ပြင်သစ်နိုင်ငံကမူ ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ဂါဇာ၏ မူဘောင်ထက် ကျော်လွန်နေပြီး၊ အထူးသဖြင့် မေးခွန်းထုတ်၍ မရသော ကုလသမဂ္ဂ၏ အခြေခံမူများနှင့် ဖွဲ့စည်းပုံများအပေါ်  မေးခွန်းများ ထွက်ပေါ်စေခဲ့သည်ဆိုသည့် အခြေခံ အကြောင်းပြချက်ဖြင့်  ထရမ့်၏ ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့သည်။

ထရမ့်သည် ဒိန်းမတ်နိုင်ငံ၏ နယ်နိမိတ်ဖြစ်သည့် ဂရင်းလန်းကျွန်းအား အင်အားသုံး သိမ်းပိုက်မည်ဟု ခြိမ်းခြောက် ခဲ့သည့် သံတမန်ရေးရာ အငြင်းပွားမှု အပြီးတွင် အမေရိကန်၏ ရင်းနှီးသော မဟာမိတ်ဖြစ်‌သော ဒိန်းမတ်နိုင်ငံကို ငြိမ်းချမ်းရေးဘုတ်အဖွဲ့သို့ ဖိတ်ကြားခြင်း မရှိခဲ့ပေ။

ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဖွဲ့စည်းမှု လက်မှတ်ထိုးစဉ်

ထရမ့်သည် ဇန်နဝါရီ ၂၂ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ် (Davos) မြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ၎င်း၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အတွက် ပဋိညာဉ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုဘုတ်အဖွဲ့ကို ယနေ့အထိ ဖွဲ့စည်းခဲ့သမျှ အဖွဲ့များထဲတွင် အကျိုးသက်ရောက်မှု အရှိဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်၏ ပြောကြားချက်ကြောင့် ဘုတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားခံရသည့် နိုင်ငံအများစုအတွက် အကျိုး သက်ရောက်မှု ကြီးမားလွန်းနေသည်ဟု ထင်မြင်စေခဲ့ပြီး ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်များကို အစားထိုးရန် ကြိုးပမ်းချက် တစ်ခုအဖြစ် ရှုမြင်ခံနေရသည်။

ဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းကို ဖော်ဆောင်နေပြီး အမေရိကန် ဦးဆောင်သော ကမ္ဘာ့အခင်းအကျင်းအား စိန်ခေါ်နေသည့် တရုတ်နိုင်ငံကလည်း ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့သည်။

Source: အယ်လ်ဂျာဇီးယား