CNI International News
ဂျေရုဆလင်၊ အောက်တိုဘာ ၂၄
အစ္စရေးတို့ သိမ်းပိုက်ထားသည့် ဂျော်ဒန်မြစ် အနောက်ကမ်းဒေသ (West Bank) ကို အစ္စရေးနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်အဖြစ် သွတ်သွင်းရန် ကြိုးပမ်းနေသည့် အစ္စရေးလွှတ်တော်၏ အစီအစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အစီအစဉ်ကို ထိခိုက်စေနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
“ကျနော် ပြောချင်တဲ့ သဘောက အစ္စရေးလွှတ်တော်မှာ ပြုလုပ်တဲ့ မဲခွဲဆုံးဖြတ်မှုအကြောင်း ဖြစ်ပါတယ်။ ကျနော် ထင်တာကတော့ သမ္မတကြီး (ထရမ့်)ဟာ အဲဒီကိစ္စကို အခုချိန်မှာ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်း လင်း ပြသခဲ့ပြီးပါပြီ။ အဲဒါက ငြိမ်းချမ်းရေး သဘောတူညီချက်ကိုလည်း ထိခိုက်စေလိမ့်မယ်လို့ ကျနော်တို့ ထင်ပါ တယ်” ဟု ရူဘီယိုက အစ္စရေးသို့ သွားရောက်မည့် ခရီးစဉ်မတိုင်မီ အောက်တိုဘာ ၂၂ ရက်တွင် သတင်းထောက် များကို ပြောကြားခဲ့သည်။
ရူဘီယို၏ ခရီးစဉ်သည် ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်ကြား ၂ နှစ်ကြာ စစ်ပွဲဖြစ်ပွားပြီးနောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းထားရန် ကြိုးပမ်းအားထုတ်နေသည့် အမေရိကန်အစိုးရ၏ လှုပ်ရှားမှုတစ်ခုဖြစ်သည်။

အစ္စရေးတပ်ဖွဲ့ကို တွေ့ရစဉ်
အစ္စရေးနှင့် ဟားမာ့စ်ကြား ဓားစာခံများနှင့် အကျဉ်းသားများ လဲလှယ်သည့် အပစ်အခတ်ရပ်စဲရေး၏ ပထမအဆင့် တွင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။
အစ္စရေးနှင့် ဟားမာ့စ်တို့ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူ ကာလအတွင်း ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ နှင့် ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ကြသည်။
ဂါဇာတောင်ပိုင်းရှိ ခန်းယူနစ် (Khan Younis) မြို့တွင် အောက်တိုဘာ ၂၂ ရက် ညအချိန်က ပစ်ခတ်တိုက်ခိုက် မှုများ၊ တင့်ကား၏ အမြောက်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်ကို တွေ့ရစဉ်
ရူဘီယိုသည် ဂါဇာစစ်ပွဲ အဆုံးသတ်ရေး၊ ဂါဇာဒေသ ပြန်လည်ထူထောင်ရေး၊ တည်ငြိမ်သည့် အုပ်ချုပ်ရေးစနစ် ရရှိရေးနှင့် ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရန်အတွက် ဖြစ်နိုင်ခြေရှိသော လုပ်ငန်းစဉ်များ ပါဝင်သည့် ထရမ့်၏ အချက် ၂၀ ပါ အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အကူအညီပေးရန်အတွက် အစ္စရေးသို့ သွားရောက်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရူဘီယို၏ ခရီးစဉ်မတိုင်မီ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) သည် အစ္စရေးသို့ သွားရောက်ခဲ့ပြီး အောက်တိုဘာ ၂၂ ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နှင့် တွေ့ဆုံခဲ့သည်။
ဗန့်စ်သည် အစ္စရေးမှ ပြန်လည် မထွက်ခွာမီ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) ၊ မဟာဗျူဟာရေးရာဝန်ကြီး ရွန် ဒါမာ (Ron Dermer) တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
Source: ရိုက်တာ
