CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄

မြန်မာနိုင်ငံတွင် တိုင်းပြည်ကောင်းရန်အတွက် အားလုံး လက်တွဲဆောင်ရွက်သွားသင့်သော်လည်း “သူတစ်လူ ငါတစ်မင်း” လုပ်နေခြင်းကြောင့် တိုင်းပြည်က အကွဲကွဲအပြားပြား ဖြစ်နေရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ များက ထောက်ပြကြသည်။

ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အလျှော့အတင်းနှင့် တကယ့်ကို ငြိမ်းချမ်းလိုသော ဆန္ဒဖြင့်သွားမှ ဖြစ်နိုင်မည်ဖြစ် ကြောင်း အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က ကျင်းပသည့် NCA (၁၀)နှစ်ပြည့် အခမ်းအနား၌ ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှုများ အမျိုးမျိုးရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံ၌ “သူတစ်လူ ငါတစ်မင်း” လုပ်နေခြင်းကြောင့် တိုင်းပြည်က အကွဲကွဲအပြားပြား ဖြစ်နေရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့‌ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ကို တွေ့ရစဉ်

၎င်းက “တိုင်းပြည်တိုးတက်ဖို့ ဆိုလို့ရှိရင် အားလုံးသည် အတူတကွ လက်တွဲပြီး သွားရမှာပေါ့။ သူတစ်လူ ငါတစ်မင်း လုပ်နေရင် လုပ်နေခဲ့လို့လည်း ဒီတိုင်းပြည်က ဒီလိုဖြစ်နေခဲ့တာလေ။ အားလုံးက ညီညီညွတ်ညွတ်နဲ့ ငါတို့ တိုင်းပြည်ကြီးအတွက်ပဲဆိုတဲ့ စိတ်ခံစားချက်နဲ့ ရှုမြင်သုံးသပ်ချက်နဲ့ လုပ်ကြမယ်ဆိုရင် ဒီတိုင်းပြည်က တိုးတက်မှုက သိပ်မကြာပါဘူး။ ဒီတိုင်းပြည်မှာ သူမလုပ် ငါမလုပ်နဲ့ဖြစ်နေကြလို့ အကွဲကွဲအပြားပြား ဖြစ်နေကြ လို့သာ ဒီလောက် စုတ်ပြတ်သက်နေတာ။ ဒါတွေအားလုံးက ကိုယ့်ကျရာ တာဝန်ထမ်းဆောင်ပြီးတော့မှ တိုင်းပြည် အသီးသီးအတွက် လုပ်သွားကြမယ်ဟေ့ဆိုတဲ့ စိတ်စေတနာမျိုးနဲ့ပဲ နိုင်ငံရေးလုပ်ကြမှ ဒီတိုင်းပြည်က အမြန်ဆုံး ဒီလက်ရှိ ဒုက္ခတွေ အတွင်းကနေ တက်နိုင်မှာပေါ့။ တိုင်းပြည်ကောင်းဖို့အတွက်ဆို အားလုံး လက်တွဲဆောင်ရွက် သွားနိုင်မယ်ဆိုတဲ့ ရှုမြင်မှုနဲ့ပဲ နိုင်ငံရေးလုပ်သင့်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ နိုင်ငံ တော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ထို့နောက် နိုင်ငံတစ်ဝန်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသလို လက်နက်ကိုင် တော်လှန်မှုများ ပေါ်ပေါက်လာ သည်မှာ လက်ရှိအချိန်ထိ မဖြေရှင်းနိုင်ဘဲ ဖြစ်ပေါ်နေသည်။

မြန်မာနိုင်ငံ၌ “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်” ဆိုသလိုမျိုး ဖြစ်နေသည့်အတွက် တိုင်းပြည် စုစည်းခိုင်မာမှု လိုအပ်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ‌‌ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့‌ ပြောသည်။

NCA အခမ်းအနားတက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ကို တွေ့ရစဉ်

၎င်းက “သူတစ်လူ ငါတစ်မင်း ဆိုတာက warlord(စစ်ဘုရင်)တွေ ဖြစ်သွားတာ။ တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ကွဲနိုင်တဲ့ ဘက်ကိုသွားတာပေါ့။ အဲဒီလိုမျိုး ပြည်ထောင်စုကြီး မငြိမ်မသက်ဖြစ်မယ် ပြိုကွဲမယ်ဆိုရင် ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်တဲ့လမ်းကို မရောက်နိုင်ဘူး။ အဲတော့ ညီညွတ်အောင် သူတစ်လူ ငါတစ်မင်းတွေ မဖြစ်အောင် ကျနော်တို့ နိုင်ငံရေးအားဖြင့် စည်းရုံးသိမ်းသွင်း ဆောင်ရွက်ကြရမှာပေါ့။ ဒါလေးတွေက လုပ်ရန် ဆောင်ရွက်ရန် တွေပေါ့။ မညီညွတ်ရင် ညီညွတ်အောင် သဘောထားကွဲရင် မကွဲအောင် အတူလက်တွဲ ချီတက်နိုင်အောင် ခုနကလို warlord တွေဖြစ် သွားရင် warlord တွေ မဖြစ်အောင် နိုင်ငံရေးအားဖြင့် ဘယ်လိုချဉ်းကပ်ကြမှာလဲ ဘယ်လို စုစည်း ခိုင်မာအောင် လုပ်ကြမှာလဲဆိုတဲ့ ဘက်ကိုလည်း အာရုံစူးစိုက်ကြရမှာ ညီညွတ်မှလည်း လက်ရှိ အနေ  အထားကနေ ပြန်ပြီးရုန်းကန် နိုင်မယ်ဆိုတဲ့ အယူအဆ လက်နက်ကိုင်အဖွဲ့အစည်းကို ညွှန်းသလားပေါ့။ သူတို့က ဘယ်သူနဲ့‌ ပေါင်းကြသလဲ ဟိုလူနဲ့ပေါင်း ဒီလူနဲ့ပေါင်း သူ့အကျိုး ကိုယ့်အကျိုးနဲ့ ခုနကလို တိုင်းပြည်ကနုနု မုန်တိုင်း က ထန်ထန် ဆိုသလိုမျိုး ဒါကတော့ တိုင်းပြည်စုစည်းခိုင်မာမှု လိုအပ်တာပေါ့”ဟု ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးသဘောတူညီချက် တစ်စုံတစ်ရာ မရယူနိုင်သေးဘဲ ဖြစ်နေကြောင်း၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်မှာလည်း ရှေ့မတိုးနိုင်ပဲ ဖြစ်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

အလားတူ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအတွက် မြန်မာ့တပ်မတော်သည် အထိုင်တစ်ခုအနေဖြင့် ရှိနေ သော်လည်း အတိုက်အခံများနှင့် တော်လှန်ရေး အင်အားစုများဘက်ကတော့ မည်သူ သို့မဟုတ် မည်သည့်အဖွဲ့ အစည်းက ဦးဆောင် ဆွေးနွေးခွင့် ရှိသည်ဆိုသော ဘုံသဘောတူညီချက် မရှိဘဲဖြစ်နေသည်။