CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၁
လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်နိုင်ရေးအတွက် လက်နက်ကိုင်များအား မက်လုံးပေး၍ နိုင်ငံရေးအပေးအယူ လုပ်ရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးရည်မှန်းချက်အား ပြည့်မြောက်နိုင်ရန် လက်နက်ကိုင်ပဋိပက္ခကို ရပ်တန့်နိုင်သည့် အနေအထားတစ်ခု ဖြစ်အောင်လုပ်ရန်လိုပြီး ၂၀၀၈ ခြေ/ဥအား ကျော်လွန်ကာ အပေးအယူများ လုပ်ရန်လိုအပ်ကြောင်း ၎င်းက ပြော သည်။
ဒေါက်တာအေးမောင်က “နိုင်ငံရေးအရွေ့တစ်ခု မပေါ်ထွန်းတဲ့ အခါကျတော့ ပေါ်ထွန်းအောင် လက်နက်ကိုင် တယ်၊ အဲတော့ လက်နက်ကိုင်မှုသည် နိုင်ငံရေးအားဖြင့် ရွေ့နိုင်အောင် တွန်းအားပေးတာပဲဖြစ်တယ်၊ အဲတော့ လက်နက်ကိုင် အရှိန်အဟုန် မြင့်တယ်ဆိုတာ နိုင်ငံရေး အရွေ့တစ်ခုရောက်အောင် တွန်းအားပေးတာပေါ့၊ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်မှသာလျှင် နိုင်ငံရေး ရည်မှန်းချက်အရ ခရီးပေါက်နိုင်မယ်၊ အဲဒါကြောင့် နိုင်ငံရေးရည်မှန်းချက်ကို ပြည့်မြောက်နိုင်အောင် လက်နက်ကိုင်ပဋိပက္ခကို ရပ်တန့်နိုင်တဲ့ အနေအထားတစ်ခု ဖြစ်အောင်လုပ်ဖို့လိုတယ်၊ အဲဒီမှာ နိုင်ငံရေး အပေးအယူလိုတာပေါ့၊ အဲတာကြောင့် အခြေခံမူနဲ့လည်း ကျနော်တို့ သည် လက်နက်ကိုင်ပဋိပက္ခကို ဆွဲဆောင်စည်းရုံးနိုင်မယ်၊ ၂၀၀၈ ကြီးနဲ့ပဲ သွားရအောင်ဆိုရင် လာပါဦးမလား လက်နက်ကိုင်တွေ ၂၀၀၈ ကိုကျော်ပြီးမှ ဘယ်လိုအခြေခံမူတွေနဲ့ ဘယ်လိုကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်း ပိုင်ခွင့်တွေနဲ့ ဘယ်လိုသယံဇာတ ခွဲဝေမှု၊ ဘယ်လိုအပေးအယူတွေနဲ့ ဘယ်လိုနိုင်ငံတော် အသစ်ကြီးကို တည်ဆောက်မှာလဲဆိုတဲ့ မက်လုံးပေါ့ဗျာ၊ အဲတာမပေးသမျှ လက်နက်ကိုင်တွေ လာပါ့မလား၊ လာအောင် ကျနော် တို့ ဘယ်လိုဆွဲဆောင်မှာလဲ၊ ဒါလိုအပ်ချက်ကို ပြောတာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်နက်ကိုင်ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့အကြား ယာယီ အပစ် အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။
ထို့နောက် ကွတ်ခိုင်၊ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင် စသည့် ခရိုင် ၄ ခုအား အထူးဒေသ (၁) အဖြစ် သတ်မှတ်ကာ တရားဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခဲ့ပြီဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့(MNDAA)မှ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိ သူတစ်ဦးက လားရှိုးမြို့၊ တရုတ်နှစ်သစ်ကူးပွဲတွင် ပြောကြားနေသော ရုပ်သံဖိုင်တစ်ခု လူမှုမီဒီယာများမှာ ပျံ့နှံ့ခဲ့ သည်။
ထို့အတူ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် မြန်မာ့ တပ်မတော်တို့ကြား ဆွေးနွေးခဲ့သော်လည်း ရလဒ်မထွက်ပဲ ပြီးဆုံးခဲ့ကာ နောက်ထပ်တစ်ကြိမ် ပြန်လည်တွေ့ဆုံ မည်ဖြစ်ကြောင်း TNLA က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် AA နှင့် နစကကြား တရုတ်နိုင်ငံတွင် မတ်လ၌ တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်းလည်း နီးစပ်သူများထံမှ သိရသည်။
တိုင်းပြည်နှင့် ပြည်သူအတွက် ခေါင်းဆောင်များအားလုံး သေသေချာချာ ပြန်စဥ်းစားရန် ဖိတ်ခေါ်ဆွေးနွေးသင့် ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
AA-TNLA-MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “နိုင်ငံရေးအရကို ဘယ်လိုညှိမှာလဲပေါ့၊ အခုဖြစ်နေတဲ့ဟာတွေ ကဲပြီးပြီးတာတွေပြီးပြီ၊ အခု ဖက်ဒရယ် ပြည်ထောင်စုကိုလည်း သွားမယ်ပေါ့နော်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို သွားမယ်ဆိုတဲ့ဟာတွေလည်း ပြောထားဆိုထားပြီးသားဖြစ်ပြီ၊ ဒီအတွက်ကြောင့်မို့လို့ ဒီတစ်ခါညှိမှာလား၊ မညှိဘူးလားပေါ့နော် ဒါမျိုးကို သေသေ ချာချာ လုပ်ဖို့လိုတယ်၊ ဖြစ်ပြီးတော့မှ ပြောပြီးတော့မှ နောက်ဆုံး ငါတို့ သေသေချာချာ ညှိကြမယ်၊ တိုင်းပြည်ကို လည်း ကြည့်ကြည့်လိုက်ဦး ဘယ်ဟာမှ တစ်ခါမှ ဒီလိုမဖြစ်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ ရှိသမျှ ခေါင်းဆောင်များ အားလုံး သေသေချာချာ ပြန်စဥ်းစားပါဆိုတဲ့ဟာမျိုး ဖိတ်ခေါ်ပြီးတော့မှတော့ ဆွေးနွေးသင့် တယ်ပေါ့လေ၊ အခု ဟာက ပြောရမယ်ဆိုလို့ရှိရင် အကုန်လုံးက အီလေးဆွဲသလိုကြီး ဖြစ်ပြီးတော့မှလေ တိုင်းပြည်အတွက်က အကုန် လုံး သူတစ်လူ ငါတစ်မင်းနဲ့ စစ်ဘုရင်တွေ ဖြစ်ပြီးတော့မှ ကိုယ့်အကျိုးစီးပွားပဲ ကိုယ်အိတ်ထဲ ထည့်နေကြသလို ဖြစ်ပြီးတော့မှ လူထုကတော့ အင်မတန် ဒုက္ခရောက်နေတာတော့ ဒါကတော့ လူထုက တကယ့်ကို မျက်မှောက်ပြု နေရတာပေါ့နော် ဒီကိစ္စကြီးကိုက လူထုကတော့ လက်နက်မရှိတဲ့သူ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြုသမျှနုရမှာ ဖြစ်တယ်ဆိုတော့ ဒါအကုန်လုံး တိုင်းပြည်ခေါင်းဆောင်များ ခေါင်းဆောင်ဆိုတာ အဓိကခေါင်းဆောင်က ပိုပြီး တော့မှ စဥ်းစားပေးရမှာပေါ့လေ” ဟု ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် အနိမ့်ဆုံး အဆင့်အနေဖြင့် ကွန်ဖက်ဒရေးရှင်းကို ရလိုပြီး အမြင့်ဆုံး အနေဖြင့် ရခိုင်နိုင်ငံတော် ထူထောင်ရေး ရည်မှန်းချက်များရှိနေကြောင်း ပြောကြားထားသလို TNLA ကလည်း လိုအပ်ပါက နိုင်ငံထူထောင် နိုင်ရေးအတွက် တအာင်း(ပလောင်)လူမျိုးများ ပြင်ဆင်ထားကြရန် TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောထားသည်။
ထို့အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားများသည် ဖက်ဒရယ်ထက် ကျော်လွန်းသည့် စဉ်းစားမှုများကို လုပ်လာမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဖြင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များ အနေဖြင့် မဖြစ်နိုင်တာကို မတောင်းဆိုရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်တာများကို ဆွေးနွေးညှိနှိုင်းရမည်ဟု ၂၀၂၅ ခုနှစ်၊ မတ်လ ၉ ရက်က ရုရှားနှင့်ဘယ်လာရုစ် ခရီးစဉ်အပြန် လေယာဉ်ပေါ်မှာ ပြောကြားခဲ့သည်။