CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၁

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ပြုလုပ်မည်ဆိုပါက မှတ်ပုံမတင်ထားသည့် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးမှု လုပ်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲ ခတ်များက CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌသည် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအား အခိုင်အမာ လုပ်ဆောင်မည်ဖြစ်ပြီး ကဏ္ဍကောစ  မလုပ် ဘဲ ပူးပေါင်းဆောင်ရွက်မှုသာလိုကြောင်း မတ်လ ၉ ရက်က ရုရှားနှင့်ဘယ်လာရုစ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်မှ မြန်မာနိုင်ငံသို့ ပြန်လာစဉ်တွင် ပြောကြားခဲ့သည်။

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အမှန်တကယ် လုပ်ချင်ပါက မှတ်ပုံမတင်ထားသည့် ပါတီများနှင့် ခွင့်ပြုချက် မကျသေးသော ပါတီများလည်း ပါဝင်လာနိုင်စေရန် စည်းကမ်းသတ်မှတ်ချက်များကို ပြုပြင်ရန်လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတပူတင် တွေ့ဆုံစဉ်

၎င်းက “ရှိသင့်တာပေါ့။ သူ လုပ်မယ်၊ မလုပ်မယ်တော့ ပြောလို့မရပေမယ့် ရှိသင့်ပါတယ်။ ဒါကိုရှိဖို့လည်း ကျနော် တို့ တိုက်တွန်းပါတယ် အားပေးပါတယ်။ ဒီလိုမျိုး အားလုံးအတွက် လမ်းဖွင့်ပေးတယ်ဆိုရင်တော့ ဒါဟာ ရွေးကောက်ပွဲကလည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်တဲ့ အလားအလာ ပေါ်လာတာပေါ့။ အားလုံး ပါဝင်နိုင်ဖို့ရန်အတွက် အချက်အလက်တွေကိုလည်း အားလုံးက လုပ်ဆောင်ရမှာပေါ့။ စည်းကမ်း သတ်မှတ်ချက် တွေ ဘာတွေလည်း အကုန်ပြုပြင်ရမှာပေါ့။ တကယ်တမ်း လွတ်လပ်တဲ့၊ တရားမျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ ဒီ ၃ ရပ်နဲ့ ပြည့်ဝတဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာပေါ့။ အခုမပါသေးတဲ့ ပါတီတွေက အမျိုးအစား ခွဲရမယ်ထင်တယ်။ တချို့ကြတော့ နစက-က လုံးဝမယုံတဲ့ ပါတီတွေ ဖြစ်နိုင်တယ်။ သူတို့မယုံတဲ့ ပါတီကို သူတို့က မှတ်ပုံတင်ခွင့် ပေးမှာ မဟုတ်ဘူး။ နောက်တစ်မျိုးက ၂၀၀၈ ကို လက်မခံဘူး၊ ၂၀၀၈ အောက်မှာဆို ဘာရွေးကောက်ပွဲမှ မဝင်ဘူး လို့ ရပ်တည်ဆုံးဖြတ်တဲ့ ပါတီတွေလည်း ရှိတယ်။ သူတို့ပါလာနိုင်ဖို့ဆိုရင် ၂၀၀၈ ကိုပြင်ဆင်ဖို့ အခွင့်အရေးတွေ ရှိမှာပါ၊ ပြောင်းလဲဖို့ အခွင့်အရေးတွေရှိမှာပါ စသည်ဖြင့် သူတို့ကို ကမ်းလှမ်းနိုင်မလား။ ဒီမေးခွန်းကို ဖြေဖို့လိုပါ တယ်” ဟု ပြောသည်။

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် မုချအောင်မြင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံး ကျင်းပသွား မည်ဟူ၍လည်း ထုတ်ဖော် ပြောကြားထားသည်။

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပါတီမှတ်ပုံတင် ပြန်မကျသေးသည့် ပါတီများဖြင့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်နိုင်သော်လည်း မှတ်ပုံမတင်ထားသော ပါတီများနှင့် ဆွေးနွေးရန်မှာ မဖြစ်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

၎င်းက “အဲဒါကတော့ သက်ဆိုင်ရာပါတီတွေရဲ့ သဘောထားအပေါ် မူတည်လိမ့်မယ်။ ဆိုလိုတာက ပါတီတွေကို ဥပမာ မှတ်ပုံတင်တာမှာ သူ့စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဘယ်ပါတီတော့ မှတ်ပုံမတင်ရဘူး၊ ဘယ်ပါတီတော့ မှတ်ပုံတင်ရမယ်ဆိုပြီး ကန့်သတ်ထားရင်တစ်မျိုးပေါ့။ ကန့်သတ်ချက်မရှိဘူး၊ အကုန်လုံးကို လွတ်လွတ်လပ်လပ် မှတ်ပုံတင်ခွင့် ပေးထားတယ်ဆိုတဲ့ အခါမျိုးမှာ လာမတင်တာကတော့ အဲဒီသက်ဆိုင်ရာ ပါတီတွေရဲ့ ပြဿနာပဲ။ အဲဒီလိုပဲ တချို့သော ပါတီတွေကလည်း ကိုယ့်ဘာသာ ပါတီထောင်တာရော ဟုတ်ရဲ့လား၊ တစ်ခါတစ်ရံမှာ ကျနော်တို့ နိုင်ငံရေးပြဿနာက အဲဒါပဲ။ ပြင်ပအင်အားစုတွေကနေပြီးတော့ နောက်ကွယ်ကနေ ထောက်ပံ့ပေးပြီး ပါတီထောင်ခိုင်းတာတွေရှိနိုင်တယ်။ အဲဒါတွေကို စိစစ်တဲ့အပိုင်းကတော့ ရွေးကောက်ပွဲကော်မရှင်တွေအနေနဲ့ သူ့တာဝန် သူတို့လုပ်ရမှာပဲ။ မှတ်ပုံတင်မကျဘဲနဲ့ ဘယ်လိုသွားပြီး ဆွေးနွေးမှာလဲ။ ဥပမာ ပါတီစုံဒီမိုကရေစီကို ပါဝင်မယ် ဆိုပြီးတော့ မှတ်ပုံတင်ထားတယ် ဝင်ထားတယ်ဆိုတဲ့ ပါတီတွေက လုပ်ဖို့အတွက် ဆန္ဒရှိနေလို့လေ။ မကျသေးတဲ့ ပါတီကြတော့ ဒါထားလိုက်‌တော့ process မို့လို့။ မှတ်ပုံမတင်ထားတဲ့ပါတီကြ ဘယ်ခေါင်းစဉ်နဲ့ သွားပြီး ဆွေးနွေးမှာလဲ။ အဲဒါက ယုတ္တိဗေဒအရ ဖြစ်မှမဖြစ်နိုင်တာ” ဟု ပြောသည်။

ရွေးကောက်ပွဲကော်မရှင်သည် ပါတီမှတ်ပုံတင် ပြန်လည် လျှောက်ထားခဲ့သော်လည်း ပါတီတချို့ကို မှတ်ပုံတင်ခွင့် ပယ်ချခဲ့သလို တချို့ပါတီများကိုတော့ ပါတီမှတ်ပုံတင်၍ မရအောင် မဖြစ်နိုင်သော စည်းကမ်းသတ်မှတ်ချက်များ ပြဋ္ဌာန်းပြီး ပိတ်ပင်ထားကြောင်း ထောက်ပြကြသည်။

လက်ရှိတွင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ၅၃ ပါတီ စာရင်းပေးသွင်းထားပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တင်းကျပ်ထားသည့် အချက်အချို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် ပြင်ဆင်ထုတ်ပြန်ထားသည်။

ပြင်ဆင်ထားသည့် အချက်များမှာပါ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်မတိုင်ခင် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ တစ်သိန်းအစား ငါးသောင်းအဖြစ် ရှိရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့် နေ့မတိုင်ခင် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံတစ်ဝန်းက မြို့နယ်သုံးပုံတစ်ပုံ၌ ပါတီရုံးခန်းများ ဖွင့်ရမည်တို့အပြင် အခြား အချက်များလည်း ပါဝင်သည်။