CNI International News

ဟောင်ကောင်၊ မတ်လ ၁၁

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေမှုနှင့်အတူ တောင်သူလယ်သမားများသည် ကောက်ပဲသီးနှံ များအစား အသက်ရှင် ရပ်တည်ရေးအတွက် ဘိန်းပင်များကို စိုက်ပျိုးရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။ 

ပဋိပက္ခကြောင့် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် လယ်သမားတစ်ဦးဖြစ်သူ ဦးအောင်လှကမူ သူသည် အသက်ရှင် ရပ်တည်ရေးအတွက် ဘိန်းပင်များ စိုက်ပျိုးရန်သာ ရွေးချယ်ခဲ့ရသည်ဟု ဆိုသည်။
အသက် ၃၅ နှစ်အရွယ် ဦးအောင်လှသည် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာကို လွှဲပြောင်းမရယူမီက စပါးစိုက်တောင်သူတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်ဟု ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာချိန်တွင် ဦးအောင်လှသည် ၎င်းနေထိုင်သည့် မိုးဗြဲကျေးရွာရှိ စိုက်ခင်းကို ဆုံးရှုံးခဲ့ရပြီးနောက် ပြန်လည် အခြေချနေထိုင်ရချိန်၌ စပါးများစိုက်ရန် အခြေအနေ မပေးသဖြင့် စားဝတ်နေရေး အတွက် ဘိန်းစိုက်ရန် ရွေးချယ်ခဲ့ရသည်ဟုဆိုသည်။

မြန်မာနိုင်ငံက ဘိန်းခင်းတစ်ခုကို တွေ့ရစဉ်

“လူတိုင်းကတော့ ချမ်းသာချင်လို့ ဘိန်းစိုက်ကြတာလို့ ထင်မိကြမှာပါ။ ဒါပေမယ့် ကျနော်တို့က အသက်ရှင် ရပ်တည်ဖို့ အတွက် လုပ်နေရတာပါ” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ဖယ်ခုံမြို့နယ်၏ ကျေးလက်ဒေသတွင် နေထိုင်သည့် ဦးအောင်လှက ပြောသည်။

ဘိန်းစိုက်ပျိုးရသည့်အတွက် စိတ်မကောင်း ဖြစ်မိသော်လည်း ဘိန်းစိုက်ပျိုးမှုမှရရှိသည့် ဝင်ငွေသည် ၎င်းအတွက် ထမင်းမငတ်စေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေမှုနှင့်အတူ ကျေးလက်ဒေသတွင် နေထိုင်သူများအတွက် ဝင်ငွေအရင်းအမြစ်များမှာ နည်းပါးလှသည်။

ထို့ကြောင့် တောင်သူလယ်သမားများသည် စပါးနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့ ကောက်ပဲသီးနှံများထက် ပိုမိုဝင်ငွေ ရရှိနိုင်သည့် ဘိန်းပင်များကို စိုက်ပျိုးရန် ရွေးချယ်လာခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေပြီး ဘိန်းများကို ဘိန်းဖြူအဆင့်သို့ ထုတ်လုပ်ကာ တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများသို့ မှောင်ခိုတင်ပို့နေသည်ဟု ကုလသမဂ္ဂက ဖော်ပြခဲ့သည်။

Source: South China Morning Post