CNI International News
ဇူးရစ်၊ မေလ ၂၅
အာဖဂန်နစ္စတန် အမျိုးသမီး ဒုက္ခသည် ဘောလုံးအသင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အောက်ရှိ နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုရန် FIFA က တရားဝင် အသိအမှတ် ပြုလိုက်ပြီဖြစ်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ တာလီဘန်များ အာဏာပြန်လည် ရရှိလာခဲ့ပြီးနောက် အာဖဂန်အမျိုးသမီး အားကစားသမားများသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရပြီးနောက်ပိုင်း ယခုအခါတွင် ပထမဆုံးအကြိမ် အဖြစ် FIFA ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းဖြစ်သည်။
ယခုဆုံးဖြတ်ချက်သည် လွန်ခဲ့သည့် ၅ နှစ်တာအတွင်း တာလီဘန်တို့၏ အုပ်ချုပ်မှုအောက်တွင် ရပိုင်ခွင့်များ၊ ပညာသင်ကြားခွင့်များနှင့် လူထုအခန်းကဏ္ဍ၌ ပါဝင်ခွင့်များကို ပိတ်ပင်ခြင်း ခံထားရသည့် အာဖဂန်အမျိုးသမီး များအတွက် ရှားပါးပြီး တန်ဖိုးကြီးသည့် အောင်မြင်မှုတစ်ခု ဖြစ်သည်။
ယခင်က Afghan Women United ဟု လူသိများခဲ့သော အသင်းကို ယခုအခါ အာဖဂန်နစ္စတန် အမျိုးသမီး ဘောလုံးအသင်းအဖြစ် တရားဝင် အသိအမှတ် ပြုမည်ဖြစ်ကြောင်း FIFA ကောင်စီက ကြေညာခဲ့သည်။

အာဖဂန်နစ္စတန်အမျိုးသမီး ဘောလုံးသမားကို တွေ့ရစဉ်
တာလီဘန်အစိုးရက ထိန်းချုပ်ထားသော အာဖဂန်နစ္စတန် ဘောလုံးအဖွဲ့ချုပ်က အမျိုးသမီးအားကစားကို အသိအမှတ်ပြုရန် ငြင်းဆန်ထားသော်လည်း ယခုကဲ့သို့ FIFA က အသိအမှတ်ပြုခဲ့သဖြင့် အာဖဂန်အမျိုးသမီး ဘောလုံးသမားများသည် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်ဖြစ်သည်။
ယခု ဆုံးဖြတ်ချက်သည် အားကစားလောကနှင့် ကစားသမားများ အတွက်သာမက နိုင်ငံရေးအရ ပြတ်သားသော သင်္ကေတတစ်ခုဖြစ်လာခဲ့သည်။
တာလီဘန်တို့သည် အာဖဂန်တွင် အာဏာပြန်ရလာပြီးကတည်းက ပညာရေး၊ အလုပ်အကိုင်နှင့် အားကစားကဏ္ဍ အပါအဝင် လူထုအခန်းကဏ္ဍတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများကို ပိတ်ပင်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အမျိုးသမီးအားကစားကဏ္ဍကို လုံးဝ ပိတ်သိမ်းခဲ့သဖြင့် အာဖဂန်အမျိုးသမီး အားကစားသမား အများအပြားမှာ ဖိနှိပ်ညှဉ်းပန်းခံရမည့် ဘေးမှလွတ်ရန် နိုင်ငံတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အာဖဂန်နစ္စတန်အမျိုးသမီး ဘောလုံးအသင်းကို တွေ့ရစဉ်
FIFA ၏ စည်းမျဉ်းများအရ နိုင်ငံကိုယ်စားပြု လက်ရွေးစင်အသင်းများသည် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် မိခင်နိုင်ငံများရှိ တရားဝင် ဘောလုံးအဖွဲ့ချုပ်များ၏ အသိအမှတ်ပြုမှုကို ရရှိရန် လိုအပ် သည်။
တာလီဘန်တို့ ထိန်းချုပ်ထားသော အဖွဲ့ချုပ်က အာဖဂန်အမျိုးသမီး ဘောလုံးအသင်းကို အသိအမှတ်ပြုရန် ငြင်းဆန်ထားသော်လည်း အာဖဂန်ဒုက္ခသည်များ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိစေရန်အတွက် FIFA က ၎င်း၏ စည်းမျဉ်းများကို ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မိမိတို့ မတတ်နိုင်သည့် အခြေအနေများကြောင့် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရသော အားကစားသမားများကို ပံ့ပိုးကူညီရန် ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း FIFA ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို (Gianni Infantino) က ပြောကြားခဲ့သည်။
Source: Nikkei Asia
